အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ရောဘတ်တိုမန်ချီနီက ဒီနေ့ည(၁)နာရီခွဲအချိန် ရိုးမားအသင်းရဲ့အိမ်ကွင်း စတော်ဒီယိုအိုလံပီကိုကွင်းကြီးမှာ ကျင်းပလို့သွားမယ့် နာပိုလီအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ကိုပါအီတလီယာချန်ပီယံလုပွဲအကြောင်းကို ဆွေးနွေးပြောဆိုလာခဲ့ပြီး အဲ့ဒီပွဲစဉ်အတွင်းမှာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကို (၃)ယောက်တန်းတိုက်စစ်ရဲ့ ဘယ်အခြမ်းမှာ ပွဲထွက်လာတာကို ပိုမိုမြင်တွေ့တယ်လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းနည်းပြဆာရီက အသင်းရဲ့တိုက်စစ်မှာ ရော်နယ်ဒိုကို အထောင်တိုက်စစ်နေရာကနေ ပုံမှန်အသုံးပြုနေတာဖြစ်ပြီးပေမယ့်လည်း အီတလီနည်းပြ မန်ချီနီကတော့ ရော်နယ်ဒိုကို လက်ရှိနေရာထက် ဘယ်ခြမ်းတိုက်စစ်မှာ ပြောင်းလဲသုံးစွဲခြင်းက ပိုပြီးအကျိုးရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ မန်ချီနီက “ရော်နယ်ဒိုအနေနဲ့ တိုက်စစ်ဘယ်ခြမ်းနေရာနဲ့ ပွဲထွက်လာခဲ့မယ်ဆိုရင် ပိုမိုယုံကြည်မှုတွေ ကောင်းမွန်နေမှာ သေချာပါတယ်။ အဲ့ဒီနေရာကနေ သူပါဝင်ကစားရမယ်ဆိုရင် သူ့အတွက် ဂိုးတွေအဆုံးသတ်သွင်းယူနိုင်ဖို့ နေရာလွတ်တွေကို ပိုရှာဖွေနိုင်မယ်။ ဒါပေမယ့် သူလို့ ကစားသမားမျိုးဆိုတာကို ကွင်းအတွင်း နေရာစုံမှာ ကစားတတ်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

အင်တာမီလန် မန်စီးတီးအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ မန်ချီနီက ကိုပါအီတလီယာဖိုင်နယ်ပွဲနဲ့ပတ်သက်ပြီး အကြောင်းအရာများစွာကို သုံးသပ်ပြောဆိုသွားခဲ့သလို နာပိုလီအသင်းကလည်း လက်ရှိစီးရီးအေရဲ့ အမှတ်ပေးဇယားမှာ သူတို့ရပ်တည်နေတဲ့ အဆင့်ထက် ပိုမိုစွမ်းဆောင်နိုင်သော ကလပ်အသင်းတစ်သင်းဖြစ်ကြောင်း လက်ရှိ နာပိုလီရဲ့နည်းပြဖြစ်နေတဲ့ ဂတ်တူဆိုကလည်း အသင်းနဲ့ တကယ်ကို လိုက်ဖက်မှုရှိလှတဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်ကြောင်း ချီးမွမ်းသွားခဲ့ပါတယ်။ ဂတ်တူဆိုနဲ့ပတ်သက်ပြီး မန်ချီနီက “တချို့က သူ့ကို စိတ်ဓါတ်မြင့်တင်ပေးနိုင်သူလို့ပဲ ထင်နေကြတာတော့ မှားယွင်းပါတယ်။ သူက ရာသီတိုင်းလိုလိုမှာ တိုးတတ်ကောင်းမွန်လာတဲ့သူပါ။ တစ်နှစ်ပြီးတစ်နှစ် သူရဲ့နည်းပြစွမ်းရည်တွေ တိုးတတ်နေပါတယ်။ သူ့ဆီမှာ ဘောလုံးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အတွေ့အကြုံတွေ အမှားအယွင်းတွေကို အားလုံးကို စုဆောင်းမိနေမှာပါ။ နောက်ပြီး သူက မီလန်လို အသင်းမျိုးမှာပါ နည်းပြခဲ့ရတဲ့သူပါ” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။