အီတလီ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် မန်စီနီကတော့ သူ့ရဲ့ ကစားသမား တဦး ဖြစ်သူ ဇာနီရိုလိုအနေနဲ့ လက်ရှိ ကစားနေတဲ့ ရိုးမားထက် တဆင့် ပိုမြင့်တဲ့ အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ကာ သူ့ရဲ့ အရည်အသွေးကို သက်သေပြသင့်နေပြီလို့ ပြောကြားရင်း ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ တဖက်လှည့်နဲ့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ် ကစားသမား ဇာနီရိုလိုက တော့တီလက်သစ် အဖြစ် တင်စားခံထားရတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက တိုက်စစ်ပိုင်းရဲ့ နေရာအစုံမှာ ဆော့ကစားနိုင်စွမ်း ရှိသလို သူ့ရဲ့ ဘောလုံးအမြင်နဲ့ တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့ ကစားပုံကြောင့်ပဲ ရိုးမား ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်နေသူပါ။

Photo Credit: Football Italia

ဇာနီရိုလိုက အင်တာမီလန်ကနေ ရိုးမားထံ လူငယ် ကစားသမား တဦးအနေနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ရိုးမားဆီ ရောက်ရှိပြီးနောက် ပွဲထွက်ခွင့် ရရှိမှု ၊ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှု ၊ သူ့ရဲ့ ပါရမီနဲ့ ကြိုးစား အားထုတ်မှုတို့ကြောင့် ထိပ်တန်း ကစားသမား တဦး ဖြစ်လာခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် အီတလီ စီးရီးအေရဲ့ ထိပ်သီးကလပ် ဂျူဗင်တပ်က ဇာနီရိုလိုကို ခေါ်ယူဖို့ ယခု နွေဈေးကွက် အတွင်းမှာပဲ အပြင်းအထန် ကြိုးပမ်းနေပါတယ်။

ဂျူဗင်တပ်က အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး ဒိုင်ဘာလာရဲ့ နေရာအတွက် ဇာနီရိုလိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ဇာနီရိုလိုကလည်း ပုံမှန် ပွဲထွက်ခွင့်သာ ရမယ် ဆိုရင် ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပေမယ့် ရိုးမားကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမားကို လက်မလွှတ်လိုပါဘူး။

Photo Credit: Football Italia

ဒါပေမယ့် ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ဇာနီရိုလိုဘက်ကသာ အသင်းပြောင်းခွင့် တောင်းခံလာရင် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ဇာနီရိုလိုကို အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ် ရှိနေပြီး အီတလီ လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ မန်စီနီကတော့ ဇာနီရိုလိုအနေနဲ့ သူ့ရဲ့ ပါရမီနဲ့ အရည်အချင်းတွေကို ထပ်မံ ဖြုန်းတီးမနေဖို့ ပြောကြားရင်း ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းသွားပါတယ်။

မန်စီနီက – “ကျွန်တော်က သူ့ကို ဘာလုပ်ပါ ဆိုပြီး ပြောခွင့် မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ သူဟာ ရလာတဲ့ ကံကောင်းမှုတွေကို နားလည်နိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။ (ဂျူဗင်တပ်ဆီမှ ကမ်းလှမ်းမှုအား ရည်ရွယ်လျက်) သူက အချိန်ခဏလေး အတွင်းမှာပဲ လူငယ်ကြယ်ပွင့် တဦး အဖြစ် ကနေ ထိပ်တန်း ကစားသမား တဦး ဖြစ်လာခဲ့သလို လက်ရွေးစင်အသင်းနဲ့ ရိုးမားမှာလည်း ပွဲထွက်ခွင့်တွေ ရထားပါတယ်။ ဒါပေမယ့် သူက ရလာတဲ့ အခွင့်အရေးတွေနဲ့ အချိန်တွေကို ထပ်ပြီး မဖြုန်းတီးသင့်တော့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။