ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ပွဲစဉ်တပွဲ ဖြစ်တဲ့ အီတလီအသင်းနဲ့ ဩစတီးယားအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခိုက်အတန့် အမြောက်အများကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

အီတလီအသင်းက ဩစတီးယားအသင်းကို အချိန်ပို သွင်းဂိုးတွေနဲ့ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ အားလုံးကို သာမန် ပွဲကစားချိန် မိနစ် ၉၀ပြည့်လို့ အဆုံးအဖြတ် အဖြစ် ကစားခဲ့တဲ့ အချိန်ပို ၃၀မိနစ်မှာသာ သွင်းယူနိုင်ခဲ့ကြတာ ဖြစ်ပြီး အီတလီ အသင်းဟာ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ချီဆာ ၊ ပက်စီနာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဩစတီးယားအသင်းကို အနိုင်ယူနိုင်ခဲ့တာပါ။

Photo Credit: Tutto Sports

အဲ့ဒါအပြင် အဆိုပါ ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲကစားချိန် ၆၇မိနစ်မှာ မားကို့စ် ဗာရက်တီအစား လူစားဝင် ကစားခွင့် ရခဲ့တဲ့ ကွင်းလယ်လူ လိုကာတယ်လီဟာလည်း အီတလီအသင်းရဲ့ ကစားပုံကို တည်ငြိမ်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပြီး လူစားဝင် ကစားသမားတွေကြောင့် အနိုင်ရသွားတဲ့ အီတလီအသင်းလို့တောင် ဥရောပ သတင်းဌာနတွေက ရေးသား နေကြပါတယ်။

အီတလီ လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ မန်စီနီကလည်း သတင်းဌာနတွေရဲ့ ရေးသားချက်တွေကို ထောက်ခံသွားခဲ့ပြီး ဩစတီးယားအသင်းကို အနိုင်ရခဲ့တာဟာ လူစားလဲမှု မှန်ကန်ခဲ့တာကြောင့် ဖြစ်ကြောင်း သူ့ရဲ့အမြင်ကို ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

Photo Credit: Tutto Sports

ဩစတီးယားအသင်းနဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားတွေရဲ့ ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့တဲ့ အပေါ် မန်စီနီက – “သူတို့ (လူစားဝင် ကစားသမားတွေ) က တကယ်ကို ကောင်းခဲ့ပါတယ်။ သူတို့ရဲ့ ကစားပုံကပဲ ကျွန်တော်တို့ အတွက် အားသာချက်ကြီး ဖြစ်စေခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေ ကစားပုံ ကောင်းပြီး ခြေစွမ်းပြနိုင်တဲ့ အဓိက အကြောင်းအရင်း ကတော့ သူတို့ဟာ လန်းဆန်းနေတာကြောင့်ပါ။ ဒီနေ့ပွဲရဲ့ ကစားပုံက တကယ်ကို ကောင်းပါတယ်။ ကစားသမားတိုင်းက အနိုင်ရဖို့ ဘာမဆို ပေးဆပ်ဖို့ အသင့် ရှိနေကြသလို လူစားဝင် ကစားသမားတွေကလည်း ကျွန်တော်တို့ အနိုင်ရအောင် အစွမ်းကုန် ကြိုးစားပေးခဲ့ကြပါတယ်” လို့ ပြောကြားသွားတာပဲ ဖြစ်ပါတယ်။