အီတလီလက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူ ရောဘတ်တိုမန်ချီနီက ဒီနေ့ည(၁)နာရီ(၁၅)မိနစ်အချိန်မှာ သူတို့အီတလီအသင်းနဲ့ UEFA Nations League ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမယ့် ပိုလန်လက်ရွေးစင်အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီးရဲ့ တိုက်စစ်စွမ်းရည်ကောင်းတွေကို ချီးမွှမ်းခန်းဖွင့်လိုက်ပြီး သူလို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ကို အီတလီစီးရီးအေလိုပြိုင်ပွဲမှာ လာရောက်ကစားစေချင်တယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Chicago Tribune

အသက်(၃၁)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာလည်း ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ(၅၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်းနဲ့လည်း ဖလား(၃)လုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီလို တစ်ရာသီအတွင်းမှာ ဂိုးပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ ရင်ဆိုင်ရတော့မယ့်အပေါ် အီတလီနည်းပြ မန်ချီနီက “လီဝန်ဒေါစကီးကို ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာက နှစ်အနည်းငယ်လောက်ကတည်းကပါ”

Photo Credit : Lux Magazine

“သူ့လို တိုက်စစ်မှူးမျိုးကို အီတလီစီးရီးအေလိုပြိုင်ပွဲမျိုးမှာ မြင်တွေ့ရခွင့်မရှိတာကလည်း အရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်။ သူက ပိုလန်အသင်းရဲ့အဓိကအုပ်မြစ်ပဲ။ သူတို့အသင်းမှာ တကယ့်ကို ကစားသမားကောင်းတွေ ရှိနေတယ်ဆိုပေမယ့် လီဝန်ဒေါစကီးက အဓိကပါပဲ။ ဘယ်အသင်းမဆို လီဝန်ဒေါစကီး ပါဝင်နေတဲ့အသင်းမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သေချာပေါက်ကို အခက်အခဲတွေ့စေရမှာပါ။ ဒါပေမယ့် အီတလီဆိုတာကလည်း ခံစစ်ကစားပုံကောင်းတဲ့ အသင်းတစ်သင်းဆိုတာ အားလုံးက သိပြီးသားဖြစ်မှာပါ။ လက်ရှိလည်း ကျွန်တော်တို့အသင်းမှာ ခံစစ်ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ပြိုင်ဘက်တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အီတလီအသင်းဟာ လက်ရှိ UEFA Nations League (A)ရဲ့ အုပ်စု(၁)မှာ (၂)ပွဲကစား (၁)ပွဲနိုင် (၁)ပွဲသရေ ရမှတ်(၄)မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်လို့နေပြီး ပိုလန်အသင်းကတော့ (၁)ပွဲနိုင် (၁)ပွဲရှံး ရမှတ်(၃)မှတ်နဲ့ အုပ်စုတတိယနေရာအဖြစ် ရပ်တည်လို့နေပါတယ်။ အမှတ်တွေက ကပ်လျက်ရှိနေတာမို့ လုံးဝအမှားခံလို့မရတဲ့ အနေအထားတွေဖြစ်နေတဲ့အတွက် အရမ်းကို စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပြီး ပိုလန်ကွင်းမှာကန်မှာဖြစ်လို့ အီတလီတို့ နိုင်ပွဲရဖို့ ရုန်းကန်ရနိုင်ပါတယ်။