နယူးကာဆယ် ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အသင်းနည်းပြဖြစ်သူ အက်ဒီဟောင်းရဲ့နေရာမှာ မန်ချက်စတာ စီးတီး နည်းပြဟောင်းဖြစ်တဲ့ ရောဘတ်တို မန်စီနီနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

နည်းပြ အက်ဒီဟောင်းက မနှစ်က ဘောလုံးရာသီအတွင်းမှာပဲ သူရဲ့ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်မှာ Top 4 နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေခဲ့သလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပြီး အတော်လေး အောင်မြင်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။

Photo Credit : Geordie Boot Boys

ဒါပေမယ့် ဒီရာသီထဲမှာတော့ အက်ဒီဟောင်းရဲ့ နယူးကာဆယ်က ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်နဲ့ပဲ လှည့်ပြန်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် (၁၀)အထိ ရောက်ရှိနေပြီး လိဂ်ဖလားပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားမှာလည်း လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေရပါတယ်။

လက်ရှိမှာ နယူးကာဆယ်က အဆင့် (၄)နေရာက အက်စတွန် ဗီလာနဲ့လည်း ရမှတ် (၁၅)မှတ်အထိတောင် ကွာဟနေတာမို့ ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံ ရရှိဖို့က မလွယ်ကူနိုင်တော့ပဲ ယူရိုပါလိဂ် ဒါမှမဟုတ် ကွန်းဖရန့်စ်လိဂ်လောက်သာ မျှော်လင့်ရဖွယ် ရှိနေရပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေတွေကြောင့် နယူးကာဆယ် အသင်းပိုင်ရှင်တွေက ဒီရာသီအကုန်မှာပဲ နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ စီစဉ်လျက် ရှိနေပြီး လတ်တလောမှာတော့ ဝါရင့်နည်းပြကြီးဖြစ်တဲ့ မန်စီနီကို မျက်စိကျလျက် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆော်ဒီအာရေဗျ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ မန်စီနီဟာ မန်စီးတီး အင်တာတို့နဲ့ ဆုဖလားများစွာ ရယူခဲ့ဖူးသလို အီတလီအသင်းနဲ့ပါ ယူရိုဖလား ရယူထားနိုင်တဲ့ အတွေ့အကြုံကောင်းတွေ ကြယ်ဝတဲ့ နည်းပြကြီးတစ်ဦးဖြစ်ပြီး နယူးကာဆယ်က ဆော်ဒီ အိမ်ရှေ့မင်းသားတို့ အဖွဲ့တွေ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်နေတာမို့ ဆော်ဒီနည်းပြ မန်စီနီနဲ့လည်း အဆက်အသွယ်တွေ လုပ်ဆောင်ကာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။