လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ဒေးဗစ်ဒီဂီယာနဲ့ ဒင်းဟန်ဒါဆန်တို့ (၂)ယောက်ထဲက တစ်ယောက်ယောက်ကို ထုတ်ရောင်းသွားဖွယ် ရှိလို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးသမားတစ်ယောက်ကို ပြန်လည်ခေါ်ယူဖွယ် ရှိလို့နေပြီး အီတလီအခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူသွားဖို့ နီးစပ်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့ အဓိကဂိုးသမားနှစ်ဦးထဲကမှ တစ်ဦးဦးကို ရောင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေတာကြောင့် တကယ်လို့သာ ရောင်းချဖြစ်ခဲ့မယ်ဆိုရင် ပြန်လည်အစားထိုးနိုင်ဖို့အတွက် ဒွန်နာရမ်မာကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အသက်(၂၂)နှစ်ပြည့်တော့မယ့် မီလန်ဂိုးသမား ဒွန်နာရမ်မာဟာ မီလန်ရဲ့နံပါတစ်ဂိုးသမားတစ်ယောက် ဖြစ်တဲ့အပြင် အီတလီလက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရတဲ့ ဂိုးသမားတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : AS English

အရည်အသွေးမြင့် အီတလီဂိုးသမားတစ်ဦးဖြစ်တဲ့ ဒွန်နာရမ်မာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ မီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့်လည်း ကစားသမားဘက်က ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့တာဖြစ်လို့ သူ့ကို မီလန်ဘက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်ပါတယ်။ ဒွန်နာရမ်မာလို ဂိုးသမားမျိုးကို ပြောင်းရွှေ့ကြေးမပါဝင်ပဲ ခေါ်ယူနိုင်မှာဖြစ်လို့ ကလပ်အသင်းပေါင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ လတ်တလော အီတလီသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာလည်း ယူနိုက်တက်ဟာ အခြားသော အသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပြီး ကစားသမားနဲ့ သဘောတူညီချက်တစ်ခုကို ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ တကယ်လို့ ဒွန်နာရမ်မာသာ ယူနိုက်တက်ကို ရောက်ရှိလာမယ်ဆိုရင်တော့ ဒီဂီယာနဲ့ ဒင်းဟန်ဒါဆန်တို့ထဲက တစ်ယောက်ယောက်က ယူနိုက်တက်ကနေ သေချာပေါက်ကို ထွက်ခွာရတော့မှာဖြစ်ပြီး ဒီဂီယာကို အသင်းမှာ ဆက်ထိန်းထားမယ်လို့ အများက ယူဆနေကြပေမယ့်လည်း ဆိုးလ်ရှားက ဟန်ဒါဆန်ကို ပိုမိုသဘောကျတာနေဖြစ်လို့ အသင်းနဲ့ (၁၀)နှစ်တာလောက် လက်တွဲခဲ့တဲ့ ဒီဂီယာကို ရောင်းထုတ်ဖွယ်လည်း ရှိလာနိုင်ပါတယ်။