MySport Myanmar

မက်ဒရစ်မှာ အဖြေမထွက်ခဲ့တဲ့ ပုစ္ဆာကို မန်ချက်စတာမှာ ဆက်လက်အဖြေရှာသွားရမယ့် မန်ယူ တီကို ပွဲစဉ်

စပိန်နိုင်ငံ မက်ဒရစ်မြို့ ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးထဲ ယှဉ်ပြိုင်ခဲ့ကြတဲ့ အသက်လက်တီကိုမက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ တစ်ဖက်ကို တစ်ဂိုးစီ သရေနဲ့သာ အဆုံးသတ်ခဲ့ရတာကြောင့် ဒီနေ့ည မန်ချက်စတာမြို့က အိုးထရက်ဖို့ဒ်ကွင်းထဲ ကျင်းပသွားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ နောက်တစ်ဆင့်တတ်ရေးအတွက် အကြိတ်အနယ်ကို ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : PrimeTimes

ယူနိုက်တက်ရဲ့ ရလဒ်တွေက အားရစရာ အနေအထားမှာ ရှိမနေဘူးဆိုပေမယ့် နောက်ဆုံးကစားထားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ရော်နယ်လ်ဒိုက အသင်းအတွက် ပြန်လည်ကစားပေးခဲ့သလို ဟက်ထရစ်ထိပါ သွင်းယူပြီး ဂိုးမြူးထားခဲ့ပါတယ်။ အကောင်းဆုံးပုံစံ ပြန်လည်ပြသထားတဲ့ ရော်နယ်လ်ဒိုဟာ အသက်လက်တီကိုအသင်းနဲ့ ရင်ဆိုင်တွေ့ဆုံရတိုင်း သွင်းဂိုးတွေ သွင်းယူတတ်သူ ဖြစ်နေတာကြောင့် ဒီတစ်ကြိမ်မှာလည်း သူရဲ့သွင်းဂိုးတွေ ထပ်မြင်ရဦးမလားဆိုတာ ရင်ခုန်ဖို့ ကောင်းနေရပါတယ်။

Photo Credit : Football Espana

အသက်လက်တီကိုကတော့ နောက်ပိုင်းပွဲစဉ်တွေအတွင်း ရလဒ်ပိုင်း ပြန်လည်တည်ငြိမ်နေပါတယ်။ အသင်းလိုက် ကစားဟန်လေးလည်း ကောင်းမွန်နေတယ်။ ဒါပေမယ့် တီကိုဘက်မှာက ဒဏ်ရာပြသာနာတွေ ရှိနေပါတယ်။ အသက်လက်တီကိုက ဒီရာသီ ချန်ပီယံလိဂ်မှာ အဝေးကွင်း (၃)ပွဲ ကစာထားအပြီး လီဗာပူးလ် တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့သလို ပေါ်တိုနဲ့ မီလန်တို့ကို အနိုင်ယူထားခဲ့ပါတယ်။

Photo Credit : Metro

ခံစစ်ပိုင်း အားနည်းချက်တွေ ရှိလို့နေတဲ့ ယူနိုက်တက် အိမ်ကွင်းမှာလည်း တီကိုဘက်ကို အချိန်မရွေး ဂိုးပေးရနိုင်ပေမယ့် တီကိုနဲ့ဆုံရင် ဂိုးတွေမြူးတတ်တဲ့ ရော်နယ်လ်ဒိုလို ကစားသမားမျိုး ပိုင်ဆိုင်ထားတာက ယူနိုက်တက်အတွက် အားသာချက် ဖြစ်လာနိုင်ပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားရမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး အိမ်ရှင်အသင်းကပဲ နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်ပါလိမ့်မယ်။

Exit mobile version