ဒီရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားကတော့ အရင်က ယူနိုက်တက်နဲ့ သတင်းထွက်လေ့မရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး စပို့တင်းဘရာဂါအသင်းရဲ့ ပေါ်တူဂီနောက်ခံကစားသမား ဒေးဗစ်ကာလ်မိုပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဘောလုံးပရိသတ်တွေ သိပ်မသိသေးတဲ့ နောက်ခံလူ ဒေးဗစ်ကာလ်မိုရဲ့အကြောင်းတွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Eurosport

အသက်(၂၁)နှစ်အရွှယ်ရှိ ဗဟိုနောက်ခံကစားသမား ဒေးဗစ်ကာလ်မိုဟာ ပေါ်တူဂီကလပ်အသင်းတွေရဲ့ လူငယ်အကယ်ဒမီများစွာမှာ ပါဝင်ခဲ့ရသူဖြစ်ပြီး ဘရာဂါအကယ်ဒမီကိုတော့ ၂၀၁၅ခုနှစ်မှ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီမှာ (၃)နှစ်ကြာ ပါဝင်ခဲ့ပြီးနောက် ၂၀၁၈ခုနှစ်မှာပဲ ဘရာဂါလူငယ်အသင်းဆီ ရောက်ရှိလာခဲ့ရသလို ၂၀၂ဝမှာလည်း ဘရာဂါစီနီယာအသင်းဆီ ရောက်ရှိလာခဲ့ရပါတယ်။ ကာလ်မိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပေါ်တူဂီအမှတ်ပေးပွဲစဉ်မှာပဲ သူရဲ့ဘရာဂါစီနီယာကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Youtube

အရပ်အမြင့် (၆)ပေ(၅)လက်မအထိရှိတဲ့ ဒေးဗစ်ကာလ်မိုရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေထဲမှာတော့ Aerial ပိုင်း အမြင့်ဘောရှင်းထုတ်မှုက အတော်လေးကို ကောင်းမွန်သလို သူရဲ့ခေါင်းတိုက်ကောင်းမွန်မှုကနေလည်း အသင်းအတွက် သွင်းဂိုးတွေကို ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘောတွေကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူနိုင်ပါတယ်။ ကာလ်မိုဟာ ဒီနှစ်ဘောလုံးရာသီမှာ စပို့တင်းဘရာဂါအသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး ဒီပွဲတွေအားလုံးမှာလည်း ပွဲချိန်ပြည့် ပါဝင်ကစားထားခဲ့ရပါတယ်။ ကာလ်မိုဟာ လိုအပ်ရင် ကွင်းလယ်ခံစစ်မှာ ပါဝင်ကစားတတ်သူဖြစ်ပြီးတော့ လက်ရှိမှာလည်း ပေါ်တူဂီ ယူ-၂ဝအသင်းအတွက် (၇)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဘရာဂါအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၅ခုနှစ်အထိ ကျန်ရှိနေသေးတဲ့ ကာလ်မိုရဲ့လက်ရှိတန်ကြေးကတော့ ယူရို(၁၀)သန်းဝန်းကျင်လောက်သာ ရှိနေတယ်ဆိုပေမယ့် အသက်အရွှယ် ငယ်ရွှယ်လွန်းသေးတာကြောင့်ရော ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာကြောင့်ပါ တန်ကြေးက (၂)ဆ(၃)လောက်ကို ခုန်တတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်က လိုက်ပ်ဇစ်နောက်ခံကစားသမား ဒေးယော့အူပါမယ်ကာနိုဖြစ်နေလို့ အူပါမယ်ကာနိုကို အရင်ဆုံးကမ်းလှမ်းပြီးမှ ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင် ကာလ်မိုကို အစားထိုးခေါ်ယူနိုင်ပါတယ်။