မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး တာဟစ်ချောင်က ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့လက်အောက်မှာ သူ့အတွက် ပွဲကစားခွင့်တွေ ရရှိနိုင်ဖို့ အခြေအနေမျိုး မရှိတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းနဲ့ လမ်းခွဲသွားပြီး သူရဲ့အသင်းဟောင်း ဖီယင်နုအသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo Credit : The Mirror
အသက်(၂၂)နှစ်အရွယ်ရှိ နယ်သာလန် တောင်ပံကစားသမား တာဟစ်ချောင်ဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ၂၀၁၆ခုနှစ်မှာပဲ ယူနိုက်တက် အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက် လူငယ်အသင်းအတွက် အတောက်ပဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၁၈ခုနှစ်မှာပဲ မော်ရင်ဟိုက ယူနိုက်တက် စီနီယာအသင်းဆီ ခေါ်ဆောင်လာခဲ့ပါတယ်။ နည်းစနစ်ပိုင်း ကောင်းမွန်သူ ဖြစ်ပေမယ့်လည်း physical ပိုင်း ဦးစားပေးတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးက ပိန်ပိန်ပါးပါး ကိုယ်လုံးမျိုးဖြစ်နေတဲ့ တာဟစ်ချောင်အတွက် ကစားရ အလွန်ခက်ခဲတဲ့ ပြိုင်ပွဲမျိုး ဖြစ်နေရပါတယ်။
Photo Credit : We All Follow United
ဒါပေမယ့် တာဟစ်ချောင်အနေနဲ့ အငှားသွားရောက် ကစားခဲ့ရတဲ့ ဘာမင်ဂမ် ဝါဒါဘရီမင် ကလပ်ဘရုဂေးအသင်းတွေမှာ ရုန်းကန်နေရတာကြောင့် ယူနိုက်တက်အနေနဲ့ သူ့ကို အသင်းမှာ ကစားခွင့်ပေးဖွယ် မရှိနိုင်တော့သလို တာဟစ်ချောင်ကပါ (၆)နှစ်လောက် ကျင်လည်ခဲ့ရတဲ့ မန်ချက်စတာကနေ ထွက်ခွာပြီး သူ့ကို မွေးရပ်မြေဆီကို ပြန်သွားချင်နေပါတယ်။ နယ်သာလန် ယူ-၂၁အသင်းရဲ့ ကစားသမား တာဟစ်ချောင်ဟာ အသက်(၁၀)နှစ် အရွယ်မှာကတည်းက ဖီယင်နု လူငယ်အကယ်ဒမီကို တတ်ရောက်သင်ကြားနေခဲ့တာဖြစ်ပြီး အသက်(၁၆)နှစ်အရွယ်မှာပဲ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ကြရင်း ချယ်လ်ဆီးကို ပြောင်းလုနီးပါး ဖြစ်နေစဉ် ယူနိုက်တက်က အရခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ တာဟစ်ချောင်ဟာ ယူနိုက်တက် စီနီယာအသင်းအတွက် ဘောလုံးရာသီ(၂)ရာသီသာ ပါဝင်ခဲ့ရပြီး ပြိုင်ပွဲစုံပွဲပေါင်း (၁၆)ပွဲသာ ကစားခဲ့ရပြီး အခုတော့ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့အချိန်မှာ အသင်းမှာ ဆက်မနေချင်တော့ပဲ ကလပ်အသင်းဟောင်းဖြစ်တဲ့ ဖီယင်နုဆီကိုသာ ပြန်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ဖီယင်နု ဘယ်နောက်ခံလူ တီလာမာလာစီယာကို ခေါ်ယူသွားနိုင်ခဲ့ပြီ ဖြစ်သလို တာဟစ်ချောင်အနေနဲ့လည်း ယူနိုက်တက်ကနေ ဖီယင်နုဆီ ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။