MySport Myanmar

အသင်းအတွက် အရာအားလုံး ပေးဆပ်သွားမယ်လို့ မန်ယူ ကစားသမားသစ် ဗက်ဟို့စ် ကတိပြု

ဘန်လေအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို (၆)လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဗက်ဟို့စ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာ ရှိနေသရွှေ့ အသင်းအတွက် အရာအားလုံးကို ပေးဆပ်သွားမယ်လို့ ကတိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Premier League

အသက်(၃၀)အရွယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူး ဗက်ဟို့စ်ဟာ ဝုလ်ဖ်ဘတ်ကနေ ဘန်လေအသင်းဆီကို ၂၀၂၂ခုနှစ် ဆောင်းဈေးကွက်အတွင်းကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘန်လေမှာ (၆)လအတွင်း ပွဲ(၂၀)ကစားကာ (၂)ဂိုးသာ သွင်းယူနိုင်ခဲ့လို့ တူရကီကလပ် ဘက်ဆစ်တပ်မှာ အငှားချခံခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဗက်ဟို့စ်ကို ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ခေါ်ယူသွားချင်နေတာကြောင့် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဗက်ဟို့စ်က ယူနိုက်တက် ကစားသမားသစ် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက် ကစားသမား ဖြစ်လာခဲ့တဲ့ ဗက်ဟို့စ်က “မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ရလို့ အထူးအခွင့်အရေးတစ်ခုလို့ ခံစားမိရတယ်။ ကျွန်တော် အရင်တုန်းက ဒီကလပ်အသင်းနဲ့ ကစားခဲ့ဖူးပြီး အခုတော့ နာမည်ကြီး အနီရောင်ဂျာစီကို ဝတ်ဆင်ခွင့်ရလာတာက အံ့သြစရာကောင်းတယ်လို့ ခံစားရတယ်။ ဒီရာသီထဲ အဲရစ်တန်ဟက်ဂ်လက်အောင်မှာ ယူနိုက်တက်ရဲ့ တိုးတတ်မှုတွေကို မြင်တွေ့ထားခဲ့ရပြီးပါပြီ။ ကျွန်တော်ရဲ့ အခန်းဏ္ဍကနေ စတင်ပြီး ကစားသွားရဖို့ကိုလည်း မစောင့်ဆိုင်းနိုင်တော့လောက်အောင်ပါပဲ။ လာမယ့်လအနည်းငယ်အတွင်းမှာ ဘာတွေပဲ ဖြစ်လာပါစေ ကျွန်တော် ဒီမှာရှိနေသရွေ့တော့ ကလပ်အသင်းအတွက် အရာအားလုံးကို ပေးဆပ်သွားမယ်လို့ ကတိပေးနိုင်ပါတယ်။ ကျွန်တော့်ကို ဒီနေရာထိ ရောက်ရှိအောင် ကူညီပေးခဲ့တဲ့ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အခု ကျွန်တော် အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံပြီး အသင်းအတွက် ချက်ချင်း ပါဝင်ရဖို့ မျှော်လင့်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ခဲ့ပြီး နောက်ပိုင်းမှာကတည်းက တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ရှာဖွေခဲ့ရင်း နောက်ဆုံးမှာတော့ ဗက်ဟို့စ်ကို ရရှိခဲ့ကာ အပြီးသတ် ခေါ်ယူခွင့် မပါဝင်ပဲ (၆)လအငှားနဲ့သာ ခေါ်ယူခဲ့ပါတယ်။

Exit mobile version