ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာအခြေအနေကြောင့် အနားယူနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ဟာ လက်ရှိမှာ ဒဏ်ရာကနေ သက်သာလာပြီးတဲ့နောက် ကြံခိုင်မှု အပြည့်နဲ့ ဘောလုံး ပြန်ကစားနိုင်ဖို့က သိပ်မလိုတော့ဘူးလို့ အသိပေးသွားခဲ့ပါတယ်။
Photo Credit : talkSPORT
အေဂျက်စ် ကစားသမားဟောင်း ဗန်ဒယ်ဘိခ်ဟာ မန်ယူနိုက်တက် နဲ့ ဘုန်းမောက်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဥ်အတွင်း ဆီနဆေးရဲ့ ဖြတ်ထုတ်မှုကြောင့် ဒူးဒဏ်ရာ ရရှိသွားခဲ့ရင်း ဘောလုံးကစားခြင်းကနေ (၄)လနီးပါးလောက်အထိ အနားယူခဲ့ရတာ ဖြစ်ပါတယ်။ ဇန်နဝါရီ (၃)ရက်နေ့က စတင်ပြီး ယူနိုက်တက်ရဲ့ ပွဲစဥ်တွေကို လွဲချော်ထားခဲ့ရတဲ့ ဗန်ဒယ်ဘိခ်က သူ့အနေနဲ့ ဒီဒူးဒဏ်ရာကြောင့် အချိန်အကြာကြီး ထပ်မံ အနားယူရမယ်လိမ့်မယ်လို့ မထင်ပဲ မကြာခင်မှာ fully fitness နဲ့ ဘောလုံး ပြန်ကစားနိုင်လိမ့်မယ်လို့သာ ယုံကြည်ထားကြောင်း MUTV မှာ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Manchester Evening News
“ဒဏ်ရာ ရရှိသွားပြီးတဲ့နောက် ပြန်လည် သက်သာလာဖို့အတွက် လုံးပန်းနေရင်းနဲ့ ကျွန်တော် အလုပ်ရှုပ်နေရတယ် ဆိုပေမယ့် အရာအားလုံးက အဆင်ပြေပါတယ်။ ဘယ်အချိန်လောက် ပြန်သက်သာလာနိုင်မလဲဆိုတာ ပြောဖို့က ခက်ပေမယ့် ဘယ်လိုဖြစ်လာဦးမလဲဆိုတာကိုလည်း စောင့်ကြည့်ရပါမယ်။ ကျွန်တော် gym မှာ လေ့ကျင့်ခန်းတွေ အများကြီး လုပ်ထားတယ်။ ကွင်းထဲကို ပြန်လည် ရောက်ရှိလာဖို့လည်း ပိုပြီး နီးစပ်လာသလို ခံစားမိရတယ်။ ကျွန်တော် ဘောလုံး ပြန်ကစားနိုင်ဖို့ သိပ်မလိုတော့ပါဘူး” ဆိုပြီး ဗန်ဒယ်ဘိခ်က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Premier League
အသက် (၂၆)နှစ်အရွယ်ရှိ နယ်သာလန် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ကမှ အေဂျက်စ်ကနေ မန်ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ သူရဲ့ အေဂျက်စ် နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲနေရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ဗန်ဒယ်ဘိခ်အနေနဲ့ ခန့်မှန်းထားတဲ့ အချိန်ကာလထက် စောစောစီးစီးသာ သက်သာနိုင်ခဲ့မယ်ဆိုရင် အခုလို ပွဲဆက်တွေ အရမ်းများနေချိန်မှာ ယူနိုက်တက်အတွက် ကစားသမား ရွေးချယ်ခွင့် options တွေ ပိုများသွားမှာပဲ ဖြစ်ပါတယ်။