မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေး အာမတ်ဒီယဲလိုကတော့ မကြာသေးခင်ကမှ အသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာလည်း သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဦးဆုံးသွင်းဂိုးကို သွင်းယူခဲ့ကာ အခုလည်း သူရဲ့အမိနိုင်ငံဖြစ်တဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းမှာပါ ပါဝင်ကစားဖို့အတွက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ရွေးချယ်ခံလိုက်ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Streety News

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်တောင်ပံကစားသမားလေး အာမတ်ဒီယဲလိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီစျေးကွက်ကမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆိုစီဒက်အသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့သလို မီလန်အသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း သူရဲ့ပထမဆုံးသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ အာမတ်ဟာ လက်ရှိအချိန်ထိ ယူနိုက်တက်အသင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားရခြင်း မရှိသေးပေမယ့်လည်း ယူရိုပါလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေမှာ (၄)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး(၁)ဂိုး သွင်းယူထားပါတယ်။

Photo Credit : Goal

အာမတ်ဒီယဲလိုဟာ ယူနိုက်တက်အသင်းမှာ (၄)ပွဲခန့်လောက်သာ ပါဝင်ကစားထားရသေးပေမယ့်လည်း ယူနိုက်တက်လူငယ်အသင်းမှာ ခေတ္တပါဝင်ကစားခဲ့စဉ်တုန်းက ဂိုးပါဝင်ပတ်သက်မှု (၆)ဂိုးအထိ ရှိခဲ့သလို တဖြည်းဖြည်းချင်း တိုးတတ်လာခဲ့တဲ့ သူရဲ့ခြေစွမ်းပိုင်းကြောင့် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ အိုင်ဗရီကို့စ်အသင်းမှာတော့ အာမတ်ဟာ သူရဲ့ယူနိုက်တက်အသင်းဖော်ဖြစ်တဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီနဲ့အတူ ရွေးချယ်ခံရတာဖြစ်ပါတယ်။ အာမတ်ရဲ့ အိုင်ဗရီကို့စ်အသင်းဟာ အာဖရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ်လ (၂၆)ရက်နေ့မှာ နိုင်ဂျာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မတ်လ(၃၀)ရက်နေ့မှာတော့ အီသီယိုးပီးယားအသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းမှာ အာမတ်ရဲ့စီနီယာကစားသမားတွေဖြစ်တဲ့ ဘိုင်လီ ဇာဟာ ပေပေ ဟယ်လာ ကတ်ဆီး အော်ရီယာ ဘိုလီ ဂါဗင်ဟို အစရှိတဲ့ နာမည်ကျော် ကစားသမားတွေလည်း ရွေးချယ်ထားခံရပါတယ်။