မန်ချက်စတာယူနိုက်တက်ဒ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟာရီမက်ဂွိုင်းယားကို သင့်တော်မဲ့ ပြောင်းရွေ့ကြေးမျိုးနဲ့ ရောင်းထုတ်သွားဖို့ Sunday Mirror သတင်းထောက် ဒါရင်းလူးဝစ်က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်ဒ်အသင်းဟာ အဂ်လန်လက်ရွေးစင် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားကို လက်စတာစီးတီးအသင်းကနေ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၈၀)နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ပေးထားခဲ့ပေမဲ့လည်း သူရဲ့ခြေစွမ်းပိုင်းတွေ သဘောမကျမှုကြောင့်နဲ့ အသင်းရဲ့ ခံစစ်ပိုင်းမှာ ဗာရန်းနဲ့မာတီနက်ဇ်တို့ အတွဲအဖက်က ခြေစွမ်းပြနေတဲ့အပြင် ဘယ်နောက်ခံလူ လုခ်ရှောကပါ centre-back နေရာမှာ အကောင်းဆုံးပုံစံနဲ့ ကစားလာနိုင်တာမို့ ယူနိုက်တက်ဒ်ဘက်က မက်ဂွိုင်းယားကို ရှင်းထုတ်ချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

မက်ဂွိုင်းယားဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားအပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်မှာကတည်းက ယူနိုက်တက်ဒ်အသင်းအတွက် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ ချာတန်နဲ့ လိဂ်ဖလားပွဲတွေမှာသာ ပွဲချိန်ပြည့် ကစားထားခဲ့ရပြီး ကျန်တဲ့ပွဲတွေမှာတော့ မိနစ်အနည်းငယ်လေးတွေသာ ပါဝင်ထားရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က မက်ဂွိုင်းယားကို ယူနိုက်တက်ဒ်က ထွက်ခွာဖို့ တိုက်တွန်းခဲ့သလို ဒီဆောင်းစျေးကွက်ထဲမှာလည်း မက်ဂွိုင်းယားက အက်စတွန်ဗီလာအသင်းနဲ့ပါ သတင်းထွက်လာခဲ့ရပါတယ်။ ယူနိုက်တက်ဒ်ကလည်း လာမယ့်နွေမှာပဲ မက်ဂွိုင်းယားကို မူလ ခေါ်ယူထားတဲ့ ပြောင်းရွေ့ကြေးထက် များစွာ ဆုံးရှုံးခံသွားပြီး ရောင်းထုတ်သွားဖို့ အစီအစဥ် ရှိလာခဲ့သလို ဒီလို အနာဂတ် မရေမရာတော့တဲ့ မက်ဂွိုင်းယားကိုလည်း ဝက်စ်ဟမ်းအသင်းကနေ ခေါ်ယူသွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။