လာမယ့် ဇန်နဝါရီ (၁)ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုအတွက် ငွေကြေးများစွာ သုံးစွဲနိုင်မှာ မဟုတ်ပဲ အငှားခေါ်ယူခွင့်နဲ့သာ ကမ်းလှမ်းလာဖွယ် ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာကိုပါ အငှားနဲ့ ကမ်းလှမ်းလာနိုင်တယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

Image

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့ နွေဈေးကွက်အတွင်းမှာ အန်တိုနီ ကတ်စမဲရိုးနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့အတွက် ငွေကြေးများစွာ သုံးစွဲထားပြီး ခေါ်ယူထားခဲ့ရတာ ဖြစ်သလို နည်းပြသစ် အဲရစ်တန်ဟက်ဂ်ကိုပါ ပြောင်းလဲ ခန့်အပ်ထားခဲ့ရတာ ဖြစ်တဲ့အတွက် ဆောင်းဈေးကွက်ထဲမှာပါ အသုံးစရိတ် ထပ်ကြမ်းလို့ မဖြစ်တော့တာကြောင့် အငှားခေါ်ယူမှုသာ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းဟာ ကစားသမားဟောင်း မန်ဖစ်ဒီပိုင်းကို ဘာစီလိုနာကနေ အငှားနဲ့ ခေါ်ယူသွားဖို့ စဉ်းစားနေသလို ချယ်လ်ဆီးကစားသမားဟောင်း မိုရာတာကိုလည်း အငှားခေါ်ယူမှုအတွက် စဉ်းစားလာဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : SPORT

ယူနိုက်တက်အသင်းဟာ အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်ကိုလည်း ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် အသက်လက်တီကိုက သူတို့ကစားသမားအတွက် အငှားခေါ်ယူခွင့် ပေါင်(၈)သန်းအပြင် (၆)လတာအတွင်း လစာကိုပါ အငှားခေါ်ယူတဲ့ အသင်းဘက်က ပေးချေရမယ်ဆိုတဲ့ တောင်းဆိုချက်ကြောင့် စုစုပေါင်း ပေါင်(၁၆)သန်းလောက် ဖြစ်လာမှာမို့ ဖေးလစ်ကို ခေါ်ယူဖို့ လက်လျှော့ကာ မိုရာတာကို အာရုံစိုက်လာနိုင်တယ်လို့ ESPN က ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ကလည်း ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ထားခဲ့ရချိန်မှာ အသင်းအတွက် အထောင်တိုက်စစ် ကစားသမားတစ်ဦးကို အနည်းဆုံး ယာယီ သဘောမျိုးနဲ့ ဖြည့်တင်းထားဖို့ လိုအပ်နေတဲ့အတွက် ဆောင်းဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူသွားရမှာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ယူနိုက်တက်အတွက် ဒီပိုင်းက တန်ကြေးအရ အကောင်းဆုံး option ဖြစ်နိုင်သလို ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ မိုရာတာဟာလည်း ယူနိုက်တက်အတွက် စဉ်းစားချင်စရာ option ဖြစ်လာနိုင်ပါတယ်။