MySport Myanmar

ဆောင်းဈေးကွက်ထဲမှာ ဂျုံးစ် တွမ်ဇီဘီနဲ့ ဟီတန်တို့ကို ရှင်းထုတ်သွားနိုင်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်ဒ်အသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား တွမ်ဟီတန်အပြင် ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဖေးလ်ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ကို ရှင်းထုတ်သွားချင်နေပြီး ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Cerita Bola

ယူနိုက်တက်ဒ်အသင်းဟာ အခု ဆောင်းဈေးကွက်ထဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ဂျက်ဘတ်လန်းနဲ့ ဘန်လေအသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဗောက်ဗက်ဟို့စ်တို့ကို (၆)လအငှားစာချုပ်တွေနဲ့ အသီးသီး ခေါ်ယူထားခဲ့ပြီး ဆောင်းဈေးကွက်ရဲ့ အဝယ်စာရင်းကို ပ်ိတ်သိမ်းလိုက်ပြီလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဒ်ဘက်က အဝယ်စာရင်းထက် ကစားသမား အထွက်ဘက်ကို အာရုံလှည့်လာခဲ့ပြီး အသင်းမှာ ပိုလျှံနေတဲ့ ကစားသမားထဲကမှ ကစားသမားတချို့ကို ရှင်းထုတ်သွားချင်လာပါတယ်။

 

Photo Credit : Blame Football

ယူနိုက်တက်ဒ်အသင်း ရှင်းထုတ်ချင်နေတဲ့ ကစားသမားတွေထဲမှာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ထဲကမှ ဘလက်ဘန်းကနေ ယူနိုက်တက်ဒ်ဆီ ရောက်ရှိနေတဲ့ ခံစစ်မှူး ဖေးလ်ဂျုံးစ်နဲ့ အကယ်ဒမီထွက် နောက်ခံလူ တွမ်ဇီဘီတို့ ပါဝင်နေပါတယ်။ လက်ရှိ ယူနိုက်တက်ဒ်ရဲ့ ဗဟိုခံစစ်ပိုင်းမှာ ရာဖယ်လ်ဗာရန်း လီဆန်ဒရိုမာတီနက်ဇ် ဟာရီမက်ဂွိုင်းရား ဗစ်တာလင်ဒီလော့တို့ ရှိနေတဲ့အပြင် ဒီနောက်ပိုင်းမှာလည်း တန်ဟက်ဂ်က လုခ်ရှောကို ဗဟိုခံစစ်နေရာမှာ ပြောင်းလဲ အသုံးပြုလာတာကြောင့် အသင်းခံစစ်မှာ နေရာရဖို့ မလွယ်ကူတော့တဲ့အတွက် ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ကို ရောင်းထုတ်ချင်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဂျုံးစ်ဟာ ဒဏ်ရာပြသာနာဆိုးတွေကြောင့် အသင်းမှာ ပါဝင်ကစားရဖို့ ခက်ခဲနေရတာဖြစ်ပြီး လက်ရှိ ယူနိုက်တက်ဒ်ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းရားမှာလည်း ပွဲကစားခွင့်တွေ အကန့်အသတ် ဖြစ်နေရတာမို့ ဂျုံးစ်တို့ တွမ်ဇီဘီတို့အတွက် နေရာရဖို့က မလွယ်ကူနိုင်တော့သလို ဖြစ်လာရပါတယ်။ ဒါ့အပြင် နည်းပြတန်ဟက်ဂ်က အသင်းရဲ့ ဂိုးပေါက်မှာ ဒေးဗစ်ဒီဂီယာကိုပဲ ပုံမှန်နေရာပေးနေပြီး တချို့ပွဲတွေမှာတော့ ဟီတန်ထက် ပဲလေ့စ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဘတ်လန်းကို နေရာပေးချင်နေတဲ့အတွက် ဟီတန်ကိုပါ ဂျုံးစ် တွမ်ဇီဘီတို့နဲ့အတူ ရှင်းထုတ်ချင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version