လာမယ့်ဘောလုံးရာသီမှာ နည်းပြသစ် အဲရစ်တန်ဟက်ဂ်နဲ့ အသင်းကို ပြုပြင်ပြောင်းလဲသွားတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေစျေးကွက်ထဲ အသင်းအတွင်း ကစားသမား အပြောင်းအလဲများစွာကို လုပ်ဆောင်သွားဖို့ ရှိနေရာ အသင်းရဲ့ အင်္ဂလန် ညာနောက်ခံကစားသမား အာရွန်ဝမ်ဘစ်ဆာခါကို အသင်းကနေ ထွက်ခွာပြုဖွယ် ရှိနေတယ်လို့ Mirror သတင်းဌာနကနေ ဖော်ပြသွားခဲ့ပါတယ်။

Aaron Wan-Bissaka told to repeat Gary Neville trick to keep his Manchester  United place - Manchester Evening News

Photo Credit : Manchester Evening News

အသက်(၂၄)နှစ်အရွှယ်ရှိ နောက်ခံအစွန်လူ ဘစ်ဆာခါဟာ ၂၀၁၉ခုနှစ်ကမှ ခရစ္စတယ်ပဲလေ့စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်ရွှေ့ကြေး ပေါင်သန်း(၅၀) (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ညာခြမ်းခံစစ်မှာ ပုံမှန်ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ကစားခွင့်တွေ အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရသလို ဒါလော့ကသာ သူ့နေရာမှာ ကစားခွင့် ပိုရလာခဲ့ပါတယ်။ နည်းပြရန်းနစ်လက်ထက်မှာ ပွဲကစားခွင့်တွေ နည်းပါးနေရတဲ့ ဘစ်ဆာခါဟာ နည်းပြသစ်တန်ဟက်ဂ်လက်အောက်မှာပါ ဆက်လက်နေရာပျောက်ဖွယ် ရှိနေရတာကြောင့် ဘစ်ဆာခါအနေနဲ့ သူ့အနာဂတ်အတွက် စဉ်းစားလာသလို ယူနိုက်တက်ဘက်ကပါ ဘစ်ဆာခါကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့အထိ စဉ်းစားနေပြီလို့ သိရပါတယ်။

Manchester United 'will let Aaron Wan-Bissaka and Eric Bailly leave this  summer' | Daily Mail Online

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ အသင်းနည်းပြအဖြစ် ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်ကို စတင်တာဝန်ပေးပြီးချိန်မှာ တန်ဟက်ဂ်က အသင်းရဲ့ ညာခြမ်းမှာ ပေါ်တူဂီနောက်ခံလူ ဒါလော့ကို ဘစ်ဆာခါထက် ပိုမိုနေရာပေးသွားချင်သလို ဘစ်ဆာခါကို ရောင်းချပြီး နောက်ထပ် ညာနောက်ခံလူတစ်ဦးကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ယူနိုက်တက်နဲ့ သတင်းတွေ အတော်လေး ထွက်ရှိနေတဲ့ အေဂျက်စ်ခံစစ်ကစားသမား တင်းဘားစ်ဟာဆိုရင်လည်း ဗဟိုခံစစ်မှူးတစ်ဦး ဆိုပေမယ့် ညာခြမ်းခံစစ်နေရာမှာပါ လိုက်ပါကစားတတ်သူဖြစ်လို့ ယူနိုက်တက်ခံစစ်အတွက် အားထားစရာ ဖြစ်လာနိုင်သလို တင်းဘားစ်ကို ခေါ်ယူနိုင်ပြီဆိုရင်လည်း ဘစ်ဆာခါကို သေချာပေါက် ရောင်းထုတ်သွားနိုင်ပါတယ်။ ဘစ်ဆာခါကိုတော့ သူရဲ့အသင်းဟောင်း ပဲလေ့စ်အသင်းက ပြန်လည်ခေါ်ဆောင်ချင်နေသလို ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကလည်း ရိုးမားအသင်းဆီ ခေါ်သွားချင်နေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ဘစ်ဆာခါအပြင် နောက်ခံလူဘာယီနဲ့ ဂိုးသမားဒင်းဟန်ဒါဆန်တို့ကိုပါ အသင်းကနေ ရှင်းထုတ်ဖွယ် ရှိနေပြီး လက်ရှိမှာ ဒင်းဟန်ဒါဆန်က နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်နေရပါတယ်။