MySport Myanmar

ပဲလေ့စ် နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ဘစ်ဆာခါကိုပါ အလိုက်ပေးသွားမယ့် မန်ယူ

ဒီနွေမှာ ခံစစ်ပိုင်းကို အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ အင်္ဂလန် နောက်ခံကစားသမား မက် ဂူဟီကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ပဲလေ့စ် ကစားသမားဟောင်း အာရွန် ဝမ်ဘစ်ဆာခါကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာ ဝါရင့် ခံစစ်မှူးကြီးတွေဖြစ်တဲ့ ဗာရန်းနဲ့ ဂျွန်နီ အီဗန်တို့နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ အနာဂတ် အခြေအနေတွေဟာလည်း မရေရာတော့တဲ့အတွက် နွေဈေးကွက်ထဲမှာ ခံစစ်ကစားသမားတွေကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Caught Offside

ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ် လိုင်လီ နောက်ခံလူ ယိုရိုတို့ အပါအဝင် ခံစစ်ကစားသမား များစွာကို ပစ်မှတ်ထားခဲ့ပြီး ဘရန့်ဝိတ်နဲ့ဆိုရင်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုထိ ရယူနိုင်ခဲ့ပေမယ့် ကစားသမားအတွက် ကနဦး ကမ်းလှမ်းချက်ကို ပယ်ချထားခံရသလို အဲဗာတန်ဘက်ကလည်း ဘရန့်ဝိတ်အတွက် ပေါင် (၆၅)သန်းအထက်လောက်အထိ အလိုရှိနေပါတယ်။

ယိုရိုကလည်း ယူနိုက်တက် လီဗာပူးလ်တို့ထက် ရီးယဲလ်မက်ဒရစ်အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ရေပန်းစားနေတဲ့ အခြေအနေတွေကြောင့် ယူနိုက်တက်ကလည်း အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဂူဟီကိုပဲ ပိုပြီး ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက် (၂၃)နှစ်သာ ရှိနေသေးတဲ့ ချယ်လ်ဆီး အကယ်ဒမီထွက် ခံစစ်ကစားသမား ဂူဟီဟာ ပဲလေ့စ်အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အင်္ဂလန်နဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲကို ပါဝင်ကစားနေရတဲ့ ဂူဟီကို ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကလည်း အသင်းဆီ ခေါ်ဆောင်ချင်နေပါတယ်။

ပဲလေ့စ်ကတော့ ဂူဟီကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် ယူနိုက်တက်က ဂူဟီအတွက် ပြောင်းရွှေ့ကြေးအပြင် ပဲလေ့စ် ပြန်ခေါ်ချင်နေတဲ့ ကစားသမားဟောင်း ဘစ်ဆာခါကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းသွားမှာဖြစ်လို့ ဒါက ပဲလေ့စ်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်သလို လက်ရှိမှာလည်း ပဲလေ့စ်က ဘက်တစ်ကနေ မော်ရိုကို နောက်ခံလူ ချာဒီ ရီယတ်ဒ်ကိုပါ ခေါ်ယူထားတာမို့ ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာနိုင်ပါတယ်။

Exit mobile version