မန်ချက်စတာယူနိုက်တက်အသင်းက ဒီနွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်ကို အဓိက ပစ်မှတ်ထားလျက် ရှိနေပြီး နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုပါ ပြုလုပ်ထားခဲ့ပေမယ့် နှစ်ကြိမ်လုံး ပယ်ချခံထားရတာကြောင့် တတိယအကြိမ် ကမ်းလှမ်းမှုကို မကြာခင်မှာပဲ ထပ်မံ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Football365

ချယ်လ်ဆီး အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်ခဲ့ရင်း လစာပိုင်းမှာ ညှိနှိုင်းမရရာကနေ နောက်ဆုံးမှာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဖြစ်လာခဲ့ရပြီး သူ့ကိုလည်း မန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ယူနိုက်တက်ဘက်က မေဆန်မောင့်အတွက် ပေါင် သန်း(၄၀)နဲ့ ကနဦး ကမ်းလှမ်းလာခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ဒီကမ်းလှမ်းချက်ကို ချက်ချင်း ပယ်ချခဲ့တာကြောင့် ယူနိုက်တက်က နောက်တစ်ကြိမ် ပေါင် သန်း(၅၀)နဲ့ ထပ်မံ ကမ်းလှမ်းလာခဲ့ပါတယ်။

Photo Credit : Stretty News

ယူနိုက်တက်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာ လက်ငင်းငွေသား ပေါင် (၄၅)သန်း+အပိုဆုကြေး ပေါင် (၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကိုလည်း ချယ်လ်ဆီးဘက်က ထပ်မံပြီး ပယ်ချသွားခဲ့ပြန်ပါတယ်။ ချယ်လ်ဆီးအသင်းက သူတို့ ကစားသမားအတွက် ပေါင် သန်း(၇၀)လောက်အထိကို အလိုရှိနေတာဖြစ်ပြီး ယူနိုက်တက်ကလည်း သူတို့ အလိုရှိနေတဲ့ မေဆန်မောင့်အတွက် ရူးသွပ်လောက်စရာ ကမ်းလှမ်းမှုမျိုး လုပ်ဆောင်သွားဖို့ ဆန္ဒမရှိတာတောင်မှ မောင့်ကို တတိယအကြိမ်အဖြစ် ထပ်မံ ကမ်းလှမ်းသွားဦးမှာ ဖြစ်တယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

Photo Credit : talkSPORT

ယူနိုက်တက်အနေနဲ့ မောင့်အတွက် တတိယအကြိမ် ကမ်းလှမ်းမှုမှာ အနည်းဆုံး ပေါင် သန်း(၆၀)တန် package ဖြစ်နေဖို့ လိုအပ်နေပြီး လက်ငင်းငွေသား ပေါင် (၅၅)သန်း နဲ့ အပိုဆုကြေး ပေါင် (၅)သန်း ဒါမှမဟုတ် လက်ငင်း ပြောင်းရွှေ့ကြေး ပေါင် (၅၅)သန်း နဲ့ အပိုဆုကြေး ပေါင် (၁၀)သန်း အစရှိတဲ့ ကမ်းလှမ်းမှုတွေနဲ့သာ ကမ်းလှမ်းလာသွားမယ်ဆိုရင် ချယ်လ်ဆီးဘက်ကလည်း လက်ခံသွားနိုင်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းခွင့်ပေးဖို့ ချယ်လ်ဆီးထံ ဖိအားပေး တောင်းဆိုဖွယ် ရှိလာနိုင်ပါတယ်။