မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းအတွက် နောက်ခံကစားသမားသစ်တစ်ယောက်ကို အရခေါ်ယူသွားဖို့အတွက် စီစဉ်လျက်ရှိနေပြီး အရည်အသွေးမြင့် ခံစစ်ကစားသမားများစွာကိုလည်း ပစ်မှတ်ထားလျက်ရှိနေရာ ဒီကစားသမားတွေထဲကမှ ယူနိုက်တက်အသင်း အလိုရှိဆုံးဖြစ်နေတဲ့ နောက်ခံလူကတော့ ဗီလာရီးရဲလ်အသင်းရဲ့ စပိန်နောက်ခံကစားသမား ပါအူတောရက်စ်ဖြစ်နေတယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Real Champs

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ခံစစ်ပိုင်း ယိုယွင်းမှုတွေကြောင့် မပေးသင့်တဲ့ သွင်းဂိုးများကို ခွင့်ပြုခဲ့ရသလို အသင်းရဲ့ခံစစ်ကစားသမားများကလည်း အမှားအယွင်းတွေ များပြားနေတာကြောင့် လာမယ့်ရာသီမှာတော့ ခံစစ်ပိုင်းကို ပြုပြင်တဲ့အနေနဲ့ ဗဟိုခံစစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ အူပါမယ်ကာနိုကို အဓိကပစ်မှတ်ထားနေတာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက အူပါမယ်ကာနိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် ယူနိုက်တက်ဘက်က ပါအူတောရက်စ်ကို ပြောင်းလဲပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၂၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် နောက်ခံလူ ပါအူတောရက်စ်ဟာ ဗီလာရီးရဲလ်အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက်ဖြစ်ပြီး ဗီလာရီးရဲလ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ကာ ၂၀၁ရခုနှစ်မှာပဲ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပါတယ်။ စပိန်လာလီဂါမှာ အတော်လေးကို ထွန်းတောက်နေတဲ့ ပါအူတောရက်စ်ကို လာလီဂါက ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့အပြင် ပရီးမီးယားလိဂ်က အသင်းကြီးတွေအပြင် မန်စီးတီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေကြလျက် ရှိပါတယ်။ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ပါအူတောရက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း(၅၀)ဝန်းကျင်နဲ့ ကမ်းလှမ်းရဖွယ် ရှိနေပြီး ဗီလာရီးရဲလ်အသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို တခြားအသင်းဆီ ရောင်းချခြင်းထက် အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်က ပါအူတောရက်စ်ကို ကမ်းလှမ်းလာတဲ့အခါမျိုးမှာ ဗီလာရီးရဲလ်ဘက်ကနေ ယူနိုက်တက်ခံစစ်မှူး ဘိုင်လီကိုပါ ပြန်လည်တောင်းဆိုလာဖွယ် ရှိနေပါတယ်။