အခုနှစ်နွေစျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူခြင်းမရှိသေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ မနေ့ညလောက်ကပဲ အေဂျက်စ်အသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို ခေါ်ယူသွားဖို့ သဘောတူညီနိုင်ခဲ့ပြီလို့ ခိုင်လုံတဲ့ သတင်းတွေ ထွက်လာခဲ့သလို ဒီနေ့မှာလည်း ယူနိုက်တက်ရဲ့နောက်ဆက်တွဲ အပြောင်းအရွှေ့သတင်းအနေနဲ့ အသင်းရဲ့ခံစစ်ပိုင်းကို အားဖြည့်တင်းဖို့အတွက် လိုက်ပ်ဇစ်အသင်းရဲ့နောက်ခံကစားသမား ဒေးယော့အူပါမီကာနိုကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်သာရှိသေးတဲ့ ပြင်သစ်နောက်ခံကစားသမား အူပါမီကာနိုဟာ လိုက်ပ်ဇစ်အသင်းရဲ့ခံစစ်မှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်သူဖြစ်ပြီး လိုက်ပ်ဇစ်နဲ့ အသက်လက်တီကိိုမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း သူရဲ့အထူးချွန်ဆုံး ခံစစ်စွမ်းရည်တွေကို တွေ့မြင်ခဲ့ရပါသေးတယ်။ ဒီလိုခံစစ်စွမ်းဆောင်ရည်ကောင်းတွေ ပြသထားခဲ့တဲ့ အူပါမီကာနိုကို ဥရောပကလပ်အသင်းများစွာကနေ စိတ်ဝင်တစားရှိလာခဲ့ကြပြီး ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ထိပ်ဆုံးကနေ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ ဆိုးလ်ရှားက အသင်းရဲ့ခံစစ်ပိုင်းမှာ ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့အတွက် အရည်အသွေးမြင့် နောက်ခံလူတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး အူပါမီကာနိုရဲ့ခြေစွမ်းတွေကိုလည်း အရမ်းသဘောကျနေတာကြောင့် ဗန်ဒယ်ဘိခ်ရဲ့အပြောင်းအရွှေ့ အပြီးသတ်ပြီးတဲ့နောက် အူပါမီကာနိုကို ဆက်လက်ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။ ခက်တာကတော့ အူပါမီကာနိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ဟာ မကြာသေးခင်ကမှ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားကြတာဖြစ်ပြီး စာချုပ်ထဲမှာ ပါဝင်နေတဲ့ စာချုပ်လျော်ကြေး ပေါင်(၃၇)သန်းဟာလည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ကုန်ဆုံးမှသာ စတင်သက်ရောက်မှာဖြစ်လို့ လက်ရှိအနေအထားအရဆိုရင် အူပါမီကာနိုအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရိုသန်း(၅၀)လောက်အထိ ပေးချေရနိုင်ဖွယ် ရှိနေပါတယ်။ အူပါမီကာနိုဟာ ၂၀၁၇ခုနှစ်ကမှ သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းကနေ RB လိုက်ပ်ဇစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ အသင်းနဲ့ အထိုင်ကျခဲ့သူလည်းဖြစ်ပါတယ်။