မကြာသေးခင်ကမှ အက်အေဖလား တတိယအဆင့်မျှာ ဆုံတွေ့ထားခဲ့ရပြီး သရေကျလို့ ပြန်ကန်ပွဲကိုပါ ဆင်နွဲထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝုလ်ဗ်အသင်းတို့က ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)အဖြစ် အိုးထရက်ဖိုဒ့်ကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲက အကြိတ်အနယ်ရှိခဲ့ပေမယ့်လည်း သွင်းဂိုးတွေရယူနိုင်ခြင်းမရှိပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ယူနိုက်တက်အသင်းကတော့ စပို့တင်းကနေ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်ကစားသမားသစ် ဘရူနိုဖာနန်ဒက်ဇ်ကို ထည့်သွင်းလာခဲ့ပြီး မာစီယဲလ် မာတာ ပါရဲရား ဖရက်ဒ် ဒန်နီယယ်ဂျိမ်းစ် လုခ်ရှော မက်ဂွိုင်းယား လင်ဒီလော့ ဝမ်ဘစ်ဆာခါနဲ့ ဒီဂီယာတို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။ ဧည့်သည်ဝုလ်ဗ်ကလည်း ဂျီမီနက်ဇ် ဂျိုတာ ထရာအိုရေးတို့ တိုက်စစ်အတွဲအဖက်နဲ့အတူ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အသင်းနှစ်သင်းလုံးက ပထမပိုင်းမှာ သိပ်ပြီးထိထိရောက်ရောက် ထိုးဖောက်မှုတွေ သိပ်မရှိခဲ့ပဲ ယူနိုက်တက်ဆိုရင် ဖာနန်ဒက်ဇ်ရဲ့ ဧရိယာအပြင်ဘက်က ကန်သွင်းခဲ့တဲ့ ကန်ချက်တစ်ကြိမ်တည်းသာ ဂိုးပေါက်တည့်ခဲ့ရပါတယ်။ ထိုးဖောက်မှုအပိုင်းမှာ ဝုလ်ဗ်က အရေအတွက်ပိုများခဲ့တယ်ဆိုပေမယ့် ဂျိုတာ ထရာအိုရေးတို့ ခြေသိပ်မပေါ်တာရော ယူနိုက်တက်ခံစစ်ကလည်း အမှားနည်းနေတာကြောင့်ရော ဝုလ်ဗ်ထိုးဖောက်မှုတွေက အရာမရောက်ခဲ့ပါဘူး။

Photo Credit : Getty Images

ပထမပိုင်းမှာ တိုက်စစ်က သိပ်အလုပ်မဖြစ်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာတော့ ဝုလ်ဗ်နောက်တန်းကို ပိုမိုအလုပ်ရှပ်စေခဲ့ပေမယ့် ယူနိုက်တက်တိုက်စစ်မှာ ရပ်ဖိုဒ့်မကစားနိုင်ကတည်းက မာစီယဲလ်တစ်ယောက်တည်းနဲ့ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာကို ဒီပွဲမှာလည်း မြင်သာစေခဲ့ပါတယ်။ ကစားသမားသစ်လေး ဖာနန်ဒက်ဇ်ကတော့ ဖရီးကစ်ကန်ချက် အဝေးကန်တွေနဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး သူရဲ့ကန်ချက်တွေက အတော်လေး အားပါလွန်းပေမယ့် တိကျမှုအပိုင်းက အားနည်းနေခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ ဝုလ်ဗ်ဘက်မှာလည်း ဂျီမီနက်ဇ် အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဒီဂီယာကာကွယ်နိုင်ခဲ့သလို ယူနိုက်တက်ရဲ့လူစားဝင်ကစားသမားလေး ဂရင်းဝုဒ်ကန်ချက် လူထိပြီး လမ်းကြောင်းပြောင်းသွားတာကိုလည်း ပက်ထရစ်စီယို ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးလာလေလေ နှစ်သင်းလုံးရဲ့ တိုက်စစ်ဆင်မှုတွေ ပိုစိတ်လှုပ်ရှားစရာ ဖြစ်လာလေဆိုပေမယ့်လည်း သွင်းဂိုးတွေ ဖြစ်မလာခဲ့ပဲ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။