စပါးနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကို တင်ဆက်ပေးသွားပြီးနောက်မှာ ဒီတစ်ခါတော့ ဒီနေ့ည (၂)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကြရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝက်ဘရွန်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အကြောင်းကို ဆက်လက်တင်ဆက်ပေးသွားချင်ပါတယ်။ ယူနိုက်တက်အသင်းက ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အိမ်ကွင်းနိုင်ပွဲ လုံးဝမရှိသေးသလို တန်းတတ်ဝက်ဘရွန်းအသင်းကလည်း ပရီးမီးယားလိဂ်မှာ လုံးဝနိုင်ပွဲမရသေးတဲ့အသင်း ဖြစ်နေတာကြောင့် ဒီအသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုက အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်း(၅)ပွဲအတွင်းမှာ နိုင်ပွဲက (၁)ပွဲပဲရှိထားခဲ့တဲ့အထိကို ပုံစံကောင်းပြဖို့ ရုန်းကန်နေရပါတယ်။ ဝက်ဘရွန်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း(၄)ပွဲဆက်တိုက် နိုင်ပွဲမရရှိခဲ့ပဲ(၃)ပွဲတောင် ရှံးနိမ့်ထားခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာခဲ့တဲ့ အသင်းတွေထဲကမှ အားအနည်းဆုံးအသင်းလို့ သတ်မှတ်လို့ရနိုင်တဲ့ ဝက်ဘရွန်းအသင်းအနေနဲ့ ကစားခဲ့ပြီးသမျှ ပွဲတွေအတွင်းမှာ ချယ်လ်ဆီးကို တစ်ဖက်ကို (၃)ဂိုးစီ သရေကျအောင် ကစားထားနိုင်ခဲ့သလို စပါးကိုလည်း တစ်လုံးတည်းသောသွင်းဂိုးနဲ့ ကပ်ပြီးသာ အရေးနိမ့်ခဲ့ရတာမို့ ဒီရလဒ်တွေကို ကြည့်မယ်ဆိုရင် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ ပြိုင်ဘက်အသင်းတွေ အခက်တွေ့အောင် ကစားနိုင်တယ်ဆိုတာကိုတော့ သတိထားမိနိုင်မှာပါ။

ယူနိုက်တက်အသင်းကတော့ လက်ရှိမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ခံစစ်ပိုင်းမှာရော တိုက်စစ်ပိုင်းမှာပါ ဒဏ်ရာရနေတဲ့ ကစားသမားအရေအတွက်က များပြားလို့နေပါတယ်။ ခံစစ်ပိုင်းမှာ လုခ်ရှောနဲ့ ဘိုင်လီတို့က ဒီပွဲကို သေချာပေါက်လွဲချော်ရမှာဖြစ်သလို မက်ဂွိုင်းယားနဲ့ လင်ဒီလော့တို့မှာ International Break မှာ ဒဏ်ရာတွေ အသီးသီးရထားခဲ့လို့ ဒီပွဲမှာ ပါဝင်ကစားဖို့ မရေမရာ ဖြစ်လို့နေပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းမှာလည်း ရပ်ဖိုဒ့်က ပခုံးဒဏ်ရာရနေသလို မာစီယဲလ်ကလည်း ခါးဒဏ်ရာရနေတာကြောင့် ပါဝင်ကစားဖို့ မသေချာသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီလို ဒဏ်ရာပြသာနာတွေရှိနေတဲ့ ယူနိုက်တက်အနေနဲ့ ဒီပွဲမှာ အရန်ကစားသမားတချို့ကို အသုံးပြုလာရနိုင်သလို ကစားသမားအပြောင်းအလဲတွေကိုလည်း လုပ်ဆောင်လာရနိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းနိုင်ပွဲမရှိသေးတဲ့ မှတ်တမ်းဆိုးကြီးကိုတော့ ယူနိုက်တက်တို့ ပြောင်းလဲပစ်နိုင်ဖို့ မဖြစ်မနေ လိုအပ်လို့နေပါပြီ။ ဒီလို ပြောင်းလဲနိုင်ဖို့ဆိုတာကလည်း ဝက်ဘရွန်းလို အားနည်းလွန်းတဲ့အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ပိုပြီးဖြစ်နိုင်ခြေများတာမို့ ဒီတစ်ခါတော့ ယူနိုက်တက်တို့ အိမ်ကွင်းနိုင်ပွဲ စတင်ပိုင်ဆိုင်သွားဖို့ သေချာနေတယ်လို့ ပြောရမှာပါ။