မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်က သွင်းဂိုးတွေ အလုံအလောက် သွင်းယူနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ ယိုယွင်းမှုတွေနဲ့ ကြုံတွေ့နေရသေးတဲ့အတွက် ပေးဂိုးပမာဏလည်း များပြားလွန်းနေတာကြောင့် ဒါကို လာမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းအတွက် ခံစစ်ကစားသမားသစ်တွေကို ခေါ်ယူကာ ခံစစ်ပိုင်းကို ပြုပြင်ဖို့ စီစဉ်နေပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းဟာ ဆီဗီလာအသင်းရဲ့ နောက်ခံကစားသမား ခွန်ဒယ်ကို အတော်လေး စိတ်ဝင်စားလျက်ရှိနေပြီး နွေစျေးကွက်မှာ ခေါ်ယူသွားဖို့ပါ ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်နောက်ခံကစားသမား ခွန်ဒယ်ဟာ ဆီဗီလာအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို သူရဲ့ခံစစ်စွမ်းဆောင်ရည်ကြောင့်လည်း ဥရောပရဲ့ အလားအလာရှိလှတဲ့ ခံစစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ခွန်ဒယ်ကို ဥရောပကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်သလို မန်စီးတီးအသင်းဆိုရင်လည်း ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက ခွန်ဒယ်ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ဖူးပြီး ဆီဗီလာဘက်ကနေ ပယ်ချခဲ့လို့သာ ရူဘင်ဒီယက်စ်ကို ပြောင်းလဲခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဆီဗီလာအသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ခွန်ဒယ်အတွက် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင်(၆၈)သန်းအထိ သတ်မှတ်ထားတာဖြစ်ပြီး ယူနိုက်တက်အသင်းဘက်က ကစားသမားကို ခေါ်ယူချင်နေပေမယ့် ဒီတန်ကြေးအတိုင်း ကမ်းလှမ်းဖို့ကိုတော့ ဆန္ဒမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ ယူနိုက်တက်ဘက်က ခွန်ဒယ်ရဲ့ စာချုပ်လျော်ကြေးပမာဏအတိုင်း ကမ်းလှမ်းဖွယ်မရှိပေမယ့်လည်း ကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုမလျော့သွားသေးတဲ့အတွက် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဆီဗီလာဘက်ကတော့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ခိုင်ခိုင်မာမာ ဖြစ်နေစေဖို့အတွက် ပေါင်(၆၈)သန်းကို လုံးဝလျှော့ပေးသွားမှာမဟုတ်ပဲ သူတို့လိုချင်တဲ့ ပမာဏအတိုင်း ကမ်းလှမ်းလာခြင်းမရှိရင်လည်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ လာမယ့်နွေစျေးကွက်မှာ အသင်းရဲ့ ဗဟိုခံစစ်နေရာအတွက် အဓိကထားကာ အားဖြည့်တင်းသွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့်ကစားသမားကြီး ဆာဂျီယိုရာမို့စ်ကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။