MySport Myanmar

မန်စီးတီး ကစားသမားဟောင်းကြီး ဒီဇီကိုနဲ့ပါ သတင်းထွက်လာခဲ့ပြန်တဲ့ မန်ယူ

ဆောင်းဈေးကွက်ထဲမှာ တိုက်စစ်ကစားသမားတစ်ယောက် ခေါ်ယူသွားဖွယ် ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီအသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဒီဇီကိုပါ သူတို့ရဲ့ shortlist ထဲ ထည့်သွင်ထားနေတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာ Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ခရစ္စတီယာနိုရော်နယ်လ်ဒိုကို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပေးခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှာ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီမာစီယဲလ်တို့ ရှိနေပေမယ့်လည်း ဒီကစားသမားနှစ်ဦးက အထောင်တိုက်စစ်နေရာထက် တောင်ပံတိုက်စစ်နေရာမှာသာ ပိုမို လိုက်ပါကစားတတ်သူတွေဖြစ်လို့ ဈေးကွက်မပိတ်ခင်မှာပဲ နံပါတ်(၉)နေရာမှာ အသေအချာ ကစားတတ်တဲ့ အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းဟာ ဒီပိုင်း အဘူဘာကာ ဗက်ဟို့စ်တို့အပြင် အင်တာမီလန်ရဲ့ ဝါရင့်ကစားသမားကြီး ဒီဇီကိုနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ အသက်(၃၆)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘော့စနီးယား တိုက်စစ်ကစားသမားကြီး ဒီဇီကိုဟာ မန်စီးတီးအသင်းမှာ ပါဝင်ကစားခဲ့ဖူးသူလည်းဖြစ်ပြီး မန်စီးတီးနဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံပါ ဖြစ်ခဲ့ဖူးပါသေးတယ်။ လက်ရှိမှာ အင်တာမီလန်အသင်းအတွက် ပါဝင်ကစားပေးနေတဲ့ ဒီဇီကိုဟာ အခုနှစ်နွေမှာပဲ အင်တာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အင်တာဘက်ကလည်း ဒီဇီကို ကို စာချုပ်သက်တမ်းတိုးဖို့ မစီစဉ်သေးတာကြောင့် ဒီအခြေအနေကို ယူနိုက်တက်ဘက်က အခွင့်အရေးယူသွားဖို့ ပြင်ဆင်နေတယ်လို့ Calcio Mercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့်လည်း စီးရီးအေ (၁၇)ပွဲအတွင်း (၇)ဂိုး သွင်းယူထားသလို ချန်ပီယံလိဂ် အုပ်စုအဆင့်မှာလည်း (၃)ဂိုးထိ သွင်းယူထားနိုင်တဲ့ ဒီဇီကို ကို ယူနိုက်တက်ဘက်က အသင်းတိုက်စစ်ပိုင်းအတွက် ရေတို စီမံကိန်းအနေနဲ့ အလိုရှိလာခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ရီးယဲလ်မက်ဒရစ်အသင်းကပါ ဒီဇီကို ကို အလိုရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီဇီကိုက လက်ရှိ အင်တာမှာ main player တစ်ဦး ဖြစ်နေတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖို့က ဖြစ်နိုင်ခြေ နည်းပါးနေတာကြောင့် ယူနိုက်တက်အနေနဲ့လည်း နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ကိုသာ ပိုမို ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Exit mobile version