ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းကို ပိုမိုအင်အားတောင့်တင်းတဲ့ ကလပ်အသင်း ဖြစ်နေစေဖို့အတွက် နွေစျေးကွက်အတွင်းမှာ ကြယ်ပွင့်ကစားသမားတချို့ကို ခေါ်ယူအားဖြည့်သွားဖို့ ရှိနေပြီး လတ်တလောမှာတော့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆာအူးကို ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းက အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို လီဗာပူးလ်အသင်းဆီ ရောင်းချခဲ့ပြီးနောက်မှာ သူရဲ့နေရာကို ပြန်လည်အစားထိုးဖို့ ပျက်ကွက်ခဲ့ရတာကြောင့် ဒီနှစ်နွေမှာ ထိပ်တန်းကွင်းလယ်လူတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ ကနဦးပိုင်းတုန်းကတော့ ဘိုင်ယန်ဟာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲတော့မယ့် နယ်သာလန်ကွင်းလယ်လူ ဝိုင်နယ်ဒမ်းစ်ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ဘာစီလိုနာအသင်းဆီ ဦးတည်နေတာကြောင့် ဆာအူးကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Sky Sport

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆာအူးဟာ အသက်လက်တီကိုအသင်းမှာ ၂၀၁၃ခုနှစ်ကတည်းက စတင်ပါဝင်ကစားလာခဲ့တဲ့ အသင်းရဲ့ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်သလို သူရဲ့ကွင်းလယ်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပက ကလပ်အသင်းတွေရဲ့ မျက်စိကျခြင်းကိုလည်း အမြဲလိုလို ရရှိနေသူဖြစ်ပါတယ်။ ကွင်းလယ်ဗဟိုမှာ အဓိက ကစားတတ်တဲ့ ဆာအူးကို ဘိုင်ယန်မြူးနစ်အသင်းကနေ သီယာဂိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ရာမှာ ပြောင်းရွှေ့ကြေး (၆၈)သန်းနဲ့ ကမ်းလှမ်းခဲ့မှုကို အသက်လက်တီကိုအသင်းဘက်ကနေ သဘောတူညီခဲ့တယ်လို့ Radio Marca ကနေ ဖော်ပြလာခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ ယခင်ကတည်းက အသက်လက်တီကိုအသင်းရဲ့ ကစားသမားဖြစ်တဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်ကိုလည်း မြင့်မားလှတဲ့ တန်ကြေးတစ်ရပ်နဲ့ ခေါ်ယူခဲ့ဖူးပြီး အခုလည်း ကွင်းလယ်လူ ဆာအူးကို အရခေါ်ယူနိုင်ဖို့က အခြေအနေကောင်းလာခဲ့ပါတယ်။ အသက်လက်တီကိုဘက်ကတော့ ဆာအူးရဲ့နေရာမှာ အူဒီးနီးစ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား ဒီပေါလ်နဲ့ ပြန်လည်အစားထိုးသွားဖို့ ပစ်မှတ်ထားနတယ်လို့ သိရှိရပါတယ်။