MySport Myanmar

သီယာဂိုကို လေးစားအားကျမိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ယူနိုက်တက်ပစ်မှတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ လာဇီယို ကွင်းလယ်ကစားသမား ဆာဂျီမီလင်ကိုဗစ်ဆာဗစ်က သူဟာ လီဗာပူးလ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာကို လေးစားအားကျမိကြောင်း ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၇)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဟာ ၂၀၁၅ခုနှစ်ကမှ ဘယ်လ်ဂျီယံကလပ် KRC ဂျန့်အသင်းကနေ လာဇီယိုအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ မီလင်ကိုဗစ်က လာဇီယိုရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို အသင်းအတွက် ပွဲပေါင်း (၂၉၂)ပွဲ ပါဝင်ကစားထားကာ (၅၇)ဂိုး သွင်းယူထားခဲ့သလို (၅၁)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ world class ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မီလင်ကိုဗစ်ကို ယူနိုက်တက်အသင်းအပြင် ရီးယဲလ်မက်ဒရစ် ဂျုဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတွေကပါ စိတ်ဝင်စားလို့နေပြီး မီလင်ကိုဗစ်ကိုယ်တိုင်ကလည်း လာမယ့်နွေမှာ လာဇီယိုနဲ့ လက်တွဲဖြုတ်ဖွယ်ပါ ရှိနေခဲ့ပါတယ်။

Photo Credit : TEAMtalk

မီလင်ကိုဗစ်က သူရဲ့ ကိုယ်ပိုင်ကစားဟန်နဲ့ ပတ်သက်ပြီး ပြောဆိုလာခဲ့ရာမှာ သူက လက်ရှိ လီဗာပူးလ်အသင်းမှာ ပါဝင်ကစားနေတဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုကို နှစ်သက်သဘောကျမိတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ မီလင်ကိုဗစ်က “ကျွန်တော် လီဗာပူးလ်က သီယာဂို ကစားတာကို အမြဲတမ်းကြည့်တယ်။ နောက်ပြီး ငယ်ငယ်တုန်းက ကျွန်တော် လေ့ကျင့်ခဲ့ဖူးတဲ့ ဖူဆယ် ဘောလုံးအားကစားကြောင့်လည်း ကျွန်တော်ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတချို့ပါ တိုးတတ်လာခဲ့ရပါတယ်” လို့ ပြောဆိုလာခဲ့သလို ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာနဲ့ ပတ်သက်ပြီးတော့လည်း မီလင်ကိုဗစ်က “ကျွန်တော် အီတလီကို စတင်ရောက်ရှိလာချိန်က သူက ဂျုဗင်တပ်စ်မှာ ရှိနေတုန်း ကျွန်တော် သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ သူက ကျွန်တော့်လို အရပ်ရှည်ပြီး နည်းစနစ်ပိုင်းလည်း ကြွယ်ဝတယ်။ ပါဝင်ကစားရတဲ့ ပွဲတိုင်းနီးပါးမှာလည်း ခြားနားချက်တွေဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပေါ့ဘာကို သေချာပေါက် လက်လွတ်ရတော့မယ့် ယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့နေရာမှာ ပြန်အစားထိုးဖို့အတွက် အသင်းရဲ့ ကာလရှည်ပစ်မှတ် မီလင်ကိုဗစ်ကို ခေါ်ယူချင်နေပြီး ဂျုဗင်တပ်စ်အသင်းကလည်း ကစားသမားဟောင်း ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ အဆင်မပြေနိုင်ခဲ့ရင် မီလင်ကိုဗစ်ကို အရခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version