လတ်တလောမှာတော့ နွေရာသီဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အလှုပ်ခတ်ဆုံးဖြစ်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂျေဒန်ဆန်ချိုတို့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နောက်ဆက်တွဲရရှိလို့ထားတဲ့ သတင်းတစ်ခုကို ဖော်ပြပေးသွားချင်ပါတယ်။ ဒါကတော့ ယူနိုက်တက်ရဲ့ပစ်မှတ် ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားသွားရမယ့် လူစာရင်းအတွင်း ပါဝင်လာခဲ့ပြီး အင်္ဂလန်ရောက်ရှိနေတဲ့ ဆန်ချိုကလည်း ဆွတ်ဇာလန်မှာ ခြေစမ်းပွဲတွေ ကစားသွားမယ့် အသင်းနဲ့ သွားရောက်ပူးပေါင်းတော့မယ်တယ်ဆိုတဲ့ သတင်းဖြစ်ကာ ဒီကိစ္စနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ နွေစျေးကွက်မဖွင့်ခင်ကတည်းက ဆန်ချိုနဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၁၀၈)သန်းကို ယူနိုက်တက်ဘက်ကနေ ပေးချေသွားဖို့က ခက်ခဲနေခဲ့တာကြောင့် အပြောင်းအရွှေ့က အထမြောက်ဖို့ ကြန့်ကြာနေခဲ့ရပြီး ဒေါ့မွန်ဘက်ကလည်း သူတို့ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့အထိပါ လုပ်ဆောင်လာခဲ့ပါတယ်။ အခုလည်း ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲအတွက် လူစာရင်းထဲမှာပါ ထည့်သွင်းခံထားရလို့ ယူနိုက်တက်နဲ့ ဆန်ချိုတို့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းက ဒီအတိုင်းနဲ့ပဲ ဇာတ်သိမ်းသွားရဖွယ် ရှိနေပါတယ်။

Photo Credit : AS English

ယူနိုက်တက်အသင်းဘက်ကနေ ဆန်ချိုကို အမှန်တကယ် အလိုရှိနေပေမယ့် ကိုဗစ်ကြောင့် အသင်းရဲ့ဝင်ငွေပိုင်းကို ထိခိုက်ထားခဲ့ရတဲ့အတွက် ဒေါ့မွန်ဘက်က အလိုရှိနေသလောက် ပေးချေသွားဖို့က ယူနိုက်တက်အတွက် အတော်လေးကို ခဲယဉ်းနေရပါတယ်။ ယူနိုက်တက်လိုပဲ ချယ်လ်ဆီးအသင်းဆိုရင်လည်း ဂျာမန်ကြယ်ပွင့်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ကို အလိုရှိနေပေမယ့် လေဗာကူဆင်အသင်းကနေ သူတို့ကစားသမားအတွက် ပေါင်သန်း(၉၀)အောက် ကမ်းလှမ်းမှုကို လက်ခံမှာမဟုတ်ဘူးလို့ တုန့်ပြန်ထားတဲ့အတွက် အပြောင်းအရွှေ့က ကြန့်ကြာနေရတာဖြစ်ပါတယ်။ ကလပ်အသင်းတိုင်းက ကိုဗစ်ဂယက်ကြောင့် အသုံးစရိတ်ပိုင်း ချွေတာနေရချိန်မှာ ကစားသမားတစ်ယောက်အတွက် ပေါင်သန်းတစ်ရာနီးပါးလောက် အသုံးပြုဖို့က ခဲယဉ်းနေရတဲ့အတွက် ဆန်ချိုကို မျှော်လင့်နေတဲ့ ယူနိုက်တက်ပရိသတ်တွေကတော့ သတင်းကောင်းကြားရဖို့က မလွယ်ကူနိုင်ပါဘူး။ အခုလည်း ဒေါ့မွန်ဘက်ကနေ Deadline သတ်မှတ်ထားတဲ့ သြဂုတ်(၁၀)ရက်ကို ရောက်ရှိနေပြီဖြစ်သလို အသင်းရဲ့ခြေစမ်းပွဲ လူစာရင်းမှာလည်း ပါဝင်ထားပြီဖြစ်လို့ ယူနိုက်တက်နဲ့ ဆန်ချိုဇာတ်လမ်းက တစ်ခန်းရပ်သွားရဖွယ် ရှိနေရပါတယ်။