MySport Myanmar

လိုင်ယွန် တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီကို ပစ်မှတ်ထားလာခဲ့ပြန်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ ပစ်မှတ်ဟောင်းဖြစ်တဲ့ လိုင်ယွန် တိုက်စစ်မှူး မူဆာဒမ်ဘီလီကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ စျေးကွွှက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် ထပ်မံစောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာကြီး Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအတွင်း အသင်းတိုက်စစ်ပိုင်းက ကစားသမား အများအပြားကို လက်လွတ်ရနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီနဲ့ ငယ်မွေးခြံပေါက် ကစားသမား လင်ဂတ်တို့က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို ဆီဗီလာကို အငှားချထားတဲ့ မာစီယဲလ်ကလည်း အသင်းနဲ့ လမ်းခွဲဖို့ အစီအစဉ်ရှိနေတဲ့အပြင် နောက်ထပ် အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ အနာဂတ် အခြေအနေတွေကလည်း လှုပ်ခတ်လျက် ရှိနေရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ အရင်ကတည်းက အသင်းနဲ့ တောက်လျှောက်သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီကို ပြန်လည်ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ပီအက်စ်ဂျီ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဖူဟမ်လ်ကို ရောက်ရှိလာခဲ့သလို ပရီးမီးယားလိဂ်မှာပါ ပွဲအနည်းငယ် ပါဝင်ခဲ့ရပါသေးတယ်။ ဖူလ်ဟမ်နဲ့ နှစ်ရာသီကြာ ဖြတ်သန်းပြီးနောက်မှာ ဒမ်ဘီလီဟာ စကော့ထိပ်သီးကလပ် ဆဲလ်တစ်အသင်းဆီ ရောက်ရှိခဲ့ပြီး ဆဲလ်တစ်နဲ့လည်း (၂)ရာသီ ဖြတ်သန်းပြီးနောက် လိုင်ယွန်အသင်းဆီ ထပ်မံပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ အသက်လက်တီကိုအသင်းမှာပါ ရာသီဝက် အငှားနဲ့ သွားရောက်ကစားခဲ့သေးတဲ့ ဒမ်ဘီလီဟာ သူရဲ့ကစားသမားဘဝအတွင်း (၂၉၅)ပွဲ ကစားထားပြီး သွင်းဂိုး (၁၂၄)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း လိုင်ယွန်အသင်းအတွက် လီဂူးသွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒမ်ဘီလီဟာ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ လိုင်ယွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့ရင် လာမယ့်နွေမှာ မဖြစ်မနေ ရောင်းချသွားရတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ရောင်းချဖွယ် ရှိနေပါတယ်။

Exit mobile version