မန်ချက်စတာယူနိုက်တက်အသင်းကတော့ အေဂျက်စ်အသင်းရဲ့ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက်မှာ အသင်းရဲ့ခံစစ်ပိုင်းကို ပြင်ဆင်သွားဖို့အတွက် လိုက်ပ်ဇစ်အသင်းရဲ့နောက်ခံကစားသမား ဒေးယော့အူပါမီကာနိုနဲ့ အင်တာမီလန်နောက်ခံကစားသမား ရှကရီညာတို့ကို ပစ်မှတ်ထားလျက်ရှိနေသလို ပြီးခဲ့တဲ့ရာသီအတွင်း ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကိုပါ အရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံကစားသမား ဆာဂျီယိုရယ်ဂီလွန်ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ရယ်ဂီလွန်ဟာ ရီးရဲလ်မက်ဒရစ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆီဗီလာအသင်းမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ရီးရဲလ်အသင်းကတော့ ရယ်ဂီလွန်ကို အသင်းမှာ နေရာပေးဖို့က ခက်ခဲလို့နေပြီး အသင်းရဲ့ဘယ်ခြမ်းခံစစ်မှာ မာဆယ်လိုနဲ့ မန်ဒီတို့လို ကစားသမားကောင်းတွေ ရှိနေတဲ့အတွက် ရယ်ဂီလွန်ကို အသင်းမှာ ပြန်လည်အသုံးပြုဖို့အတွက် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ တိုးတတ်ကောင်းမွန်နိုင်အောင်သာ အသင်းကနေ ရောင်းချသွားဖွယ် ရှိလို့နေပါတယ်။

Photo Credit : AS English

ဒီလိုအခြေအနေရှိနေတဲ့ ရယ်ဂီလွန်ကို ခေါ်ယူသွားဖို့အတွက် နာပိုလီ ဂျုဗင်တပ်စ် စပါး မန်ချက်စတာယူနိုက်တက်အသင်းတွေအပြင် ဆီဗီလာအသင်းကပါ နောက်ထပ်တစ်ရာသီ အငှားနဲ့ထပ်မံခေါ်ယူဖို့အထိပါ အပြိုင်ပစ်မှတ်ထားလာခဲ့ကြပါတယ်။ ရီးရဲလ်ဘက်ကတော့ သူတို့ရဲ့ကစားသမားကို နောက်ထပ်အငှားချသွားဖို့ထက် ယူရိုသန်း(၃၀)လောက်နဲ့ ရောင်းချသွားချင်နေတာဖြစ်ပါတယ်။ ဒီပမာဏက သိပ်များပြားလှတဲ့ တန်ကြေးမျိုးမဟုတ်ပေမယ့်လည်း ရယ်ဂီလွန်ကို ရောင်းချတဲ့အခါမှာ ယခင်က မိုရာတာကို ဂျုဗင်တပ်စ်အသင်းဆီ ရောင်းချခဲ့စဉ်ကလိုမျိုး buy-back option ဆိုတဲ့ ပြန်လည်ခေါ်ယူခွင့်ပြုရမယ့် အချက်အလက်ကို စာချုပ်ထဲမှာ ထည့်သွင်းလာနိုင်တာကြောင့် ဒီအချက်က ရယ်ဂီလွန်ကို အပြီးသတ်ခေါ်ယူချင်နေတဲ့ အသင်းတွေအတွက် ခေါင်းခြောက်ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် စပိန်ကနေ ထွက်ရှိလာတဲ့ သတင်းတွေအရ လက်ရှိမှာ ရယ်ဂီလွန်ကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းက အခြေအနေကောင်းလျက်ရှိနေပြီး လုခ်ရှောနဲ့ လူငယ်ကစားသမားလေး ဘရန်ဒန်ဝီလီယံစ်တို့နှစ်ယောက်သာရှိနေတဲ့ အသင်းရဲ့ဘယ်ခြမ်းနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့အတွက် ရယ်ဂီလွန်ကို ခေါ်ယူချင်နေတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။