ပြီးခဲ့တဲ့ ဧပြီလ (၁၁)ရက်နေ့က တော့တင်ဟမ်ဟော့စပါးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ စပါးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်ကို ယူနိုက်တက်ပရိသတ်တွေက မကြည်မလင် ဖြစ်ခဲ့ကြလို့ ဆိုရှယ်မီဒီယာပေါ်ကနေ ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အဲ့ဒီပရိသတ်တွေကို ယူနိုက်တက်အသင်းဘက်ကနေ အရေးယူဖို့ စတင်ဆောင်ရွှက်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : The Independent

အဲ့ဒီပွဲစဉ်မှာ ယူနိုက်တက်ဘက်က တိုက်စစ်မှူးကြီး ကာဗာနီ အဖွင့်ဂိုးကို သွင်းယူခဲ့ပေမယ့်လည်း အဲ့ဒီဂိုး ဖြစ်လာခဲ့ရတဲ့ ဖြစ်စဉ်အတွင်းမှာ ကွင်းလယ်လူ တွမ်မီနေးက ဆွန်ဟောင်မင်ကို ကစားပုံကြမ်းမိခဲ့တယ်ဆိုပြီး VAR ပြန်လည်ကြည့်ရှုကာ ဂိုးကို ပယ်ဖျက်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်များက ဒေါသထွက်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဆွန်ဟောင်မင်ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး မပြုလုပ်သင့်တဲ့ လူမျိုးရေးခွဲခြားမှုတွေကိုပါ လုပ်ဆောင်လာတာကြောင့် ယူနိုက်တက်အသင်းဘက်ကနေပါ အရေးယူသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : allKpop

လက်ရှိမှာတော့ နောက်ဆုံးစစ်ဆေးထားချက်တွေအရ ဆွန်ဟောင်မင်အပေါ် လူမျိုးရေးခွဲခြားပြီး စော်ကားထားတဲ့ ယူနိုက်တက်ပရိသတ် (၆)ယောက်အထိ ရှိလို့နေပြီး ဒီပရိသတ်တွေကို အသင်းရဲ့ ဘောလုံးရာသီ(၃)ရာသီဆက် ပွဲလက်မှတ်တွေ ဝယ်ယူခွင့် ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ အခုလို အသားအရောင်ခွဲခြားမှု လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ ဘောလုံးလောကအတွင်း အရမ်းကို ပွတ်လောရိုက်နေသလို ဆိုရှယ်မီဒီယာတွေကိုလည်း ဘောလုံးအသင်းတွေနဲ့ ဘောလုံးနယ်ပယ်အတွင်းက သတင်းမီဒီယာတချို့ကပါ သပိတ်မှောက်မှုတွေ စတင်လုပ်ဆောင်နေကြလျက် ရှိနေပါတယ်။ ဘောလုံးလောကအတွင်း လူမည်းကစားသမားများကိုသာမကပဲ အာရှတိုက်က ဘောလုံးသမားတွေကိုလည်း လူမျိုးရေးခွဲခြားပြီး စော်ကားတိုက်ခိုက်မှုတွေ လုပ်ဆောင်ကြလျက်ရှိနေသလို ကိုဗစ်ကြောင့် ဘောလုံးကွင်းအတွင်း လာရောက်နိုင်ခွင့်မရှိချိန် လူမှုကွန်ယက်တွေပေါ်ကနေ စော်ကားတိုက်ခိုက်မှုတွေကို ပိုုမိုတွင်ကျယ်စွာ လုပ်ဆောင်လာကြပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် ယူနိုက်တက်အသင်းဟာ SEE RED လို့ အမည်ရတဲ့ Campaign တစ်ခုကို လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။