လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ဒန်နီမာဖီလ်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်မှာ ပေါလ်ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့နှစ်ယောက်ကို ပွဲထွက်ကစားသမားတွေအဖြစ် အတူတကွ အသုံးပြုနေခြင်းက ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပဲ ဆက်လက်ပြီး သုံးနေမယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဘယ်လိုမှ စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

မာဖီက ပေါ့ဘာနဲ့ဖာနန်ဒက်စ်တို့နှစ်ယောက်လုံးဟာ အသင်းကို တိုက်စစ်ကြီးပဲ ပိုမိုအားသန်နေစေတဲ့ပုံစံ ဖြစ်နေစေတဲ့အပြင် ကွင်းလယ်ကနေ ပြိုင်ဘက်ရဲ့တိုက်စစ်လမ်းကြောင်းတွေကို တားဆီးရတဲ့ အခါမျိုးမှာ အားနည်းသွားတတ်ကြလို့ သူတို့နှစ်ယောက်ကို အတူတကွ အသုံးပြုခြင်းက အသင်းအတွက် အကျိုးမရှိဘူးလို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ မာဖီက “ယူနိုက်တက်ကို ဖာနန်ဒက်စ် စတင်ရောက်ရှိလာချိန်ကတည်းက ပြသာနာတစ်ခု ဖြစ်လာတော့မယ်လို့ ကျွန်တော်ပြောခဲ့ပါသေးတယ်။ အခုထိလည်း ဒါကို ပြသာနာတစ်ခုလို့ ထင်နေတုန်းပဲ။ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ တစ်သင်းတည်းမှာ အတူကစားစေမယ်ဆိုရင် သူတို့က ဒီအသင်းကို တိုက်စစ်အတွက်ချည်းပဲ ကစားကြမှာ”

Photo Credit : TEAMtalk

“သူတို့က တကယ့်ကို နည်းစနစ်ကြွယ်ဝပြီး ဖန်တီးမှုအား အရမ်းကောင်းလှတဲ့ ဘောလုံးသမားတွေ။ ဒါပေမယ့် သူတို့ရဲ့ခံစစ်ပိုင်း အတွေးအမြင်တွေကျတော့ ဖန်တီးမှုတစ်ခုလိုမဟုတ်ပဲနဲ့ တုန့်ပြန်မှုတစ်ခုလိုပဲဖြစ်နေတယ်။ ပိုကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ခင်ဗျားတို့ ဒါကို တွေ့မြင်နိုင်ပါတယ်။ သူတို့က ပြိုင်ဘက်ရဲ့ခြိမ်းခြောက်မှုတွေကို မမြင်နိုင်ဘူး။ ခြိမ်းခြောက်လာခဲ့ပြီဆိုရင်လည်း လိုက်လံတုန့်ပြန်ပြီးတော့ အနောက်ကုုိ နည်းနည်းဆင်းသွားခဲ့ရင် ကောင်းလိမ့်မယ်လို့ တွေးမိလိမ့်မယ်။ ဒါပေမယ့် ခက်တာက သူတို့ရဲ့ပုံစံအရဆိုရင် ဒီလိုတွေ လုပ်ဆောင်ဖို့က ရံဖန်ရံခါမှသာ ဖြစ်နိုင်လိမ့်မယ်။ ကွင်းလယ်မှာ သူတို့နှစ်ယောက်ကို အခုလိုပဲ တွဲဖက်သုံးစွဲပြီး နောက်တန်း(၄)ယောက်မှာ ဗန်ဒိုက်လို ခံစစ်မှူးမျိုးတွေချည်းပဲ ထားသုံးလာမယ်ဆိုရင်တောင် အလုပ်ဖြစ်လိမ့်မယ်လို့ မထင်မိဘူး။ ဆိုတော့ သူတို့နှစ်ယောက်ကို အတူသုံးစွဲနေမယ်ဆိုရင် ယူနိုက်တက်တို့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် မာဖီက ယူနိုက်တက်ရဲ့ကစားသမားသစ် ဗန်ဒယ်ဘိခ်က ဒီပြသာနာတွေကို ဖြေရှင်းနိုင်မယ်သူလို့ ယုံကြည်နေပြီး ကွင်းလယ်နေရာစုံမှာ ကစားနိုင်သူဖြစ်လို့ ကွင်းလယ်ခံစစ်ပိုင်းနေရာထိပါ လိုက်လံကစားနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။