MySport Myanmar

စိုးရိမ်ဖွယ်ရာ ဦးခေါင်းဒဏ်ရာကြောင့် မန်ယူလူငယ်ကြယ်ပွင့်လေး ကိုနေး ဆေးရုံတင်ခဲ့ရ

မန်ချက်စတာယူနိုက်တက် အသက်(၂၁)နှစ်အောက် အသင်းရဲ့ ကွင်းလယ်ကစားသမားလေး ဆီကူး ကိုနေးဟာ ကြောက်မက်ဖွယ်ရာ ဒဏ်ရာပြင်း ရရှိခဲ့တာကြောင့် သူတို့ရဲ့ ပွဲစဉ်ကို ရပ်ဆိုင်းပယ်ဖျက်ခဲ့ရတယ်လို့ သိရပါတယ်။

ယူနိုက်တက်လူငယ်အသင်းဟာ အင်္ဂလန်ပဉ္စမတန်းကလပ် တွမ်ဝေါ့သ်အသင်းနဲ့ National League Cup ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ပထမပိုင်းအတွင်းမှာ ယူနိုက်တက်လူငယ်ကြယ်ပွင့် ကိုနေးဟာ တွမ်ဝေါ့သ်ကစားသမားတစ်ဦးနဲ့ ပြင်းထန်စွာတိုက်မိခဲ့ပြီးနောက် စိုးရိမ်ဖွယ်ရာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ တိုက်မိပြီးနောက်မှာ ကွင်းလယ်ကစားသမားလေးဟာ မတ်တပ်ထရပ်နိုင်ခဲ့ပေမယ့် ချက်ချင်းပဲ မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားခဲ့ပါတယ်။

Photo Credit : The Sun

အသင်းဆေးအဖွဲ့က အရေးပေါ်ဝင်ရောက်ပြုစုခဲ့ရပြီး ပွဲစဉ်ကိုလည်း ချက်ချင်းရပ်နားခဲ့ရပါတယ်။ အသက်(၁၉)နှစ်အရွယ် ကိုနေးကို ကွင်းအတွင်းမှာ အချိန်အတော်ကြာ ပြုစုစောင့်ရှောက်မှုပေးခဲ့ပြီးနောက် မျက်နှာပေါ်မှာ အောက်ဆီဂျင်မျက်နှာဖုံးတပ်ကာ ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခဲ့ရပါတယ်။ ကိုနေးကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်ပြီး ဆက်လက်ကုသမှုပေးနေခဲ့ရပြီးနောက် အရန်လူနာတင်ယာဉ်တစ်စီး ထပ်မံရောက်ရှိလာဖို့ စောင့်ဆိုင်းနေရတဲ့အတွက် ကြန့်ကြာမှုများကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပွဲကို လုံးဝပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တွမ်ဝေါ့သ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ဆေးဘက်ဆိုင်ရာ အခြေအနေကြောင့် ယနေ့ညပွဲစဉ်ကို ပယ်ဖျက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ရပါတယ်။ အသေးစိတ်ကို မကြာမီ ထုတ်ပြန်ပေးပါမယ်။ မန်ယူနိုက်တက် ပရိသတ်များ၊ ဝန်ထမ်းများနဲ့ ကစားသမားများအားလုံး ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အထူးသဖြင့် ဆီကူး ကိုနေးအတွက် အမြန်ဆုံး ပြန်လည်ကောင်းမွန်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။” လို့ ဖော်ပြထားပါတယ်။

Photo Credit : The Sun

MEN သတင်းဌာနရဲ့ ဖော်ပြချက်အရ ကိုနေးဟာ “သတိပြန်လည်ရရှိနေပြီဖြစ်ပြီး တည်ငြိမ်တဲ့အခြေအနေမှာရှိကာ ယူနိုက်တက်ဆေးအဖွဲ့နဲ့လည်း စကားပြန်လည်ပြောဆိုနိုင်ပြီ။” လို့ သိရပါတယ်။ သူ့ကို ကြိုတင်ကာကွယ်မှုအနေနဲ့ အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ဖို့ ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

ဆီကူး ကိုနေးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပေါင်(၁)သန်းတန်ကြေးနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့ အဆင့်မြင့်လူငယ်ကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ မာလီနိုင်ငံသားဖြစ်တဲ့ ဒီကစားသမားလေးဟာ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့နိုင်ငံအသင်း တတိယရရှိအောင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။ သူဟာ “ယာယာတိုရေးသစ်” လို့ တင်စားခေါ်ဝေါ်ခြင်းခံရသူဖြစ်ပြီး ယူနိုက်တက်ရဲ့ အဓိကအသင်းကြီးအတွက် ပွဲဦးထွက်ကစားခွင့် မရသေးပေမယ့် ပြီးခဲ့တဲ့ရာသီက ယူ-၂၁ အသင်းအတွက် (၁၄)ပွဲ ပါဝင်ကစားပေးထားပါတယ်။

Exit mobile version