အီတလီနာမည်ကျော် သတင်းမီဒီယာ Calcio Mercato ကနေ ဖော်ပြလာချက်များအရ စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် တိုက်စစ်ကစားသမားများစွာကို ပစ်မှတ်ထားနေရတာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာတစ်နေရာရဖို့ ခက်ခဲရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ပါ ပါဝင်လျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : HCA News

စီးရီးအေချန်ပီယံဟောင်းကြီး ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာပဲ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ဗလာဟိုဗစ် ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အီကာဒီ အာဆင်နယ် တိုက်စစ်ကစားသမား လာကာဇက်နဲ့ ယူနိုက်တက် တိုက်စစ်ကစားသမား မာစီယဲလ်တို့ကို ပစ်မှတ်ထားလို့နေတာ ဖြစ်ပါတယ်။ ဒီလို ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ မာစီယဲလ်က ဖြစ်နိုင်ခြေအရှိဆုံး ကစားသမားတစ်ယောက် ဖြစ်လို့နေပြီး ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ မလွယ်ကူတော့တာကြောင့် မာစီယဲလ်အနေနဲ့ ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : CaughtOffside

အသက်(၂၅)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကမှ မိုနာကိုကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၆)ရာသီမြောက်ဖြစ်တဲ့ မနှစ်က ဘောလုံးရာသီမှာပဲ သူရဲ့ဂိုးသွင်းနှုန်းက အံ့အားသင့်စရာကောင်းလှအောင် (၇)ဂိုးအထိ ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် မာစီယဲလ်ဟာ ဒီနှစ်ရာသီမှာ သွင်းဂိုး(၁)ဂိုးတည်းကိုသာ သွင်းယူထားနိုင်တဲ့အပြင် အသင်းအတွက် ပြိုင်ပွဲစုံမှာ (၇)ပွဲသာ ကစားထားရတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒရှိနေပြီး သူ့ကိုလည်း ဂျုဗင်တပ်စ်အပါအဝင် ကလပ်အသင်းများစွာက ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါ့အပြင် မာစီယဲလ်ကို ဂျုဗင်တပ်စ်အသင်းအပြင် မကြာသေးခင်ကမှ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းကပါ စိတ်ဝင်စားလျက်ရှိနေပြီး နယူးကာဆယ်ရဲ့ လက်ရှိ ရလဒ်ပိုင်းက အတတ်ဘက် မရောက်သေးတာဖြစ်လို့ မာစီယဲလ်လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတစ်ဦးကို အလိုရှိနေတာရတာ ဖြစ်ပါတယ်။