မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဂိုးသမား အန်ဒရေ အိုနာနာကို ခေါ်ယူဖို့ သေချာပေါက် အောင်မြင်သွားခဲ့ပြီးနောက် အသင်းရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်တဲ့ တိုက်စစ် ကစားသမားလေး ဟွိုင်လန်းအတွက် ကြိုးပမ်းမှုတွေ စတင် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

Photo Credit : Transfermarket

   ယူနိုက်တက်အသင်းဟာ အခုနွေမှာ ကွင်းလယ်လူ မေဆန်မောင် နဲ့ ဂိုးသမား အိုနာနာတို့ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်လို့ တတိယမြောက် ကစားသမားသစ်အတွက် တိုက်စစ်ပိုင်းကို ဖြည့်တင်းဖို့ စီစဉ်နေပြီး အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို အဓိက ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ဟွိုင်လန်းကိုယ်တိုင်ကလည်း မန်ယူနိုက်တက်အသင်းကို အားပေးခဲ့သူဖြစ်ကြောင်း ဝန်ခံထားလို့ ယူနိုက်တက်က ကစားသမားနဲ့ personal agreed ရဖို့က စိတ်မပူရပဲ အပြောင်းအရွှေ့ အထမြောက်လာနိုင်ဖို့အတွက် အတ္တလန်တာနဲ့ အကျေအလည် ဆွေးနွေးရနိုင်ပါတယ်။

Photo Credit : TEAMtalk

   အတ္တလန်တာဘက်ကတော့ သူတို့ ကစားသမားအတွက် မတန်တရာ တန်ကြေးဖြစ်တဲ့ ပေါင် (၈၆)သန်းအထိ ဈေးခေါ်ထားပြီး မနှစ်က ဘောလုံးရာသီထဲ (၁၀)ဂိုးသာ သွင်းယူထားနိုင်တဲ့ ကစားသမားကို အဲ့ဒီလောက် တန်ကြေးမျိုးနဲ့ ခေါ်ယူဖို့ဆိုတာက ခက်ခဲနိုင်ပါတယ်။ ယူနိုက်တက်ကတော့ ဟွိုင်လန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၅)သန်းလောက်သာ အသုံးပြုသွားချင်နေပြီး အတ္တလန်တာကလည်း ငွေကြေးသီးသန့်နဲ့သာ အပြောင်းအရွှေ့ကို လုပ်ဆောင်နေကာ ကစားသမား အငှားချပေးတာမျိုး ကစားသမား အလိုက်ပေးတာမျိုး ကမ်းလှမ်းမှုတွေကို လက်မခံချင်ကြောင်း အသိပေးထားခဲ့ပါတယ်။

ဒါကြောင့် မန်ယူနိုက်တက်က ဒီတစ်ပတ်အတွင်းမှာပဲ ဟွိုင်လန်း အပြောင်းအရွှေ့အတွက် အတ္တလန်တာအသင်းနဲ့ ဆွေးနွေးမှုတွေ သေချာလေး လုပ်ဆောင်သွားဖို့ ရှိနေပြီး မေဆန်မောင့်ကိုရော အိုနာနာကိုပါ အချိန်ယူ ဆွေးနွေးရင်း ကမ်းလှမ်းရင်းနဲ့ နောက်ဆုံး အရ ခေါ်ယူနိုင်ခဲ့လို့ ဟွိုင်လန်းလည်း အဲ့ဒီလို အခြေအနေမျိုးနဲ့ ယူနိုက်တက် အသင်းသား ဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။