မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ပေါ်တို တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ကြားဖြတ်ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ကစားသမားရဲ့ ခြေစွမ်းပိုင်းတွေကို လေ့လာဖို့အတွက် အသင်းရဲ့ ကင်းထောက်တွေကိုပါ စေလွှတ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
Photo Credit : Daily Mail
အသက်(၂၅)နှစ်အရွှယ်ရှိ ကိုလံဘီယာ လက်ရွေးစင် တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ၂၀၁၉ခုနှစ်ကမှ ပေါ်တိုအသင်းကို (၅)နှစ်စာချုပ်နဲ့့ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း (၁၂၅)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၄၁)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ပေါ်တိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဒီယက်ဇ်က တစ်ရာသီအတွင်း အသင်းအတွက် ပွဲပေါင်း(၅၀)နီးပါးလောက်အထိကို ပါဝင်ကစားထားခဲ့ရပါတယ်။ ဘယ်ရောညာရော တောင်ပံနှစ်ဖက်လုံးမှာသာမကပဲ ကွင်းလယ်(၃)ယောက်တန်းရဲ့ ဘယ်ဘယ်မှာပါ ပါဝင်ကစားတတ်သူ ဒီယက်ဇ်ကို ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း ကျရောက်ထားခဲ့တဲ့ လီဗာပူးလ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဒီလို လီဗာပူးလ်ပစ်မှတ် ဖြစ်နေရတဲ့ ဒီယက်ဇ်ကို ကြားဖြတ်ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်ဘက်ကနေပါ စတင်ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
လီဗာပူးလ်အသင်းက လူးဝစ်ဒီယက်ဇ်ကို အရမ်းစိတ်ဝင်စားနေပြီး ခေါ်ယူသွားချင်နေပေမယ့်လည်း သူတို့ရဲ့ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဆာလာနဲ့ မာနေးတို့ကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ကသာ အဓိကကျတဲ့ ကိစ္စဖြစ်နေလို့ ဒီကိစ္စတွေကိုသာ ဦးစားပေး လုပ်ဆောင်ရနိုင်တာကြောင့် ဒီအခြေအနေကို ယူနိုက်တက်ဘက်ကနေ အခွင့်ကောင်းယူသွားနိုင်တာ ဖြစ်ပါတယ်။ ၂၀၂၄ခုနှစ်အထိ ပေါ်တိုအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ဒီယက်စ်ကို လီဗာပူးလ် ယူနိုက်တက်တို့အပြင် ဒေါ့မွန် အသက်လက်တီကိုအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ပေါ်တိုဘက်ကလည်း သူတို့ကစားသမားကို ခေါ်ယူချင်ရင် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးအတိုင်း ပေါင်(၆၇)သန်းနဲ့ ကမ်းလှမ်းမှသာ လက်ခံသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ ဒီယက်စ်လို တောင်ပံကစားသမားမျိုးထက် ကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ အကောင်းဆုံး ကစားတတ်သူတွေကိုပဲ ခေါ်ယူစေချင်နေပြီး အသင်းမှာက တောင်ပံကစားသမားတွေ စုပြုံနေတာကြောင့် ဒီယက်စ်လို Winger တစ်ဦးကို ထပ်မခေါ်စေချင်တော့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်ဟာ ဟိုင်ဒါရာနဲ့ ကာမာရာတို့လို ကွင်းလယ်လူတွေကို ပစ်မှတ်ထားနေပေမယ့်လည်း ဒီဆောင်းစျေးကွက်မှာတော့ ကစားသမားအထွက်သာ ပိုဖြစ်နိုင်ဖွယ် ရှိနေပါတယ်။