ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ခရစ္စတီယာနိုရော်နယ်လ်ဒို ဘရူနိုဖာနန်ဒက်စ် ဒီယိုဂိုဒါလော့တို့နဲ့ အသင်းဖော်ဖြစ်တဲ့ ကွင်းလယ်ခံစစ်ကစားသမား ဂျာအိုပါလင်ညာကို သူရဲ့ပေါ်တူဂီအသင်းဖော်တွေရှိရာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပစ်မှတ်ထားလို့နေပြီး ပါလင်ညာကိုယ်တိုင်က ရော်နယ်လ်ဒိုနဲ့ တရင်းတနှီး ရှိနေသူဖြစ်လို့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Mail
အသက်(၂၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ပါလင်ညာဟာ ရော်နယ်လ်ဒိုရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး လိုအပ်ရင် ဗဟိုခံစစ်နေရာမှာပါ လိုက်ပါကစားတတ်သူလည်း ဖြစ်ပါတယ်။ ပါလင်ညာဟာ သူရဲ့ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အဓိကကျတဲ့ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေရတဲ့ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့ရပြီး ပါလင်ညာကို အသင်းဆီ ရောက်ရှိလာဖို့အတွက်ကိုလည်း အသင်းရဲ့ တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုက အဓိကနေရာကနေ ပါဝင်ကူညီနိုင်ဖွယ် ရှိနေပါတယ်။
Photo Credit : Daily Mail
ယူနိုက်တက်အသင်းဟာ ခံစစ်အားသန်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို အခု ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာ ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပြီး လိုက်ပ်ဇစ်ကစားသမား ဟိုက်ဒါရာ မာဆေးလ်ကွင်းလယ်လူ ကာမာရာနဲ့ ဝုလ်ဗ်ကွင်းလယ်လူ ရူဘင်နေးဗက်စ်တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုလည်း စပိုတင်းလစ္စဘွန်း ကွင်းလယ်ခံစစ် ကစားသမား ပါလင်ညာနဲ့ ထပ်မံသတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကစားသမားတွေထဲမှာ ကွင်းလယ်ပိုင်း အရည်အသွေးလည်း ပြည့်ဝပြီး ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းကနေ သန်း(၃၀)ဝန်းကျင်လောက်နဲ့ အရခေါ်ယူနိုင်မယ့် ပါလင်ညာက ယူနိုက်တက်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ဗြိတိန်မီဒီယာတချိျု့ကနေ သုံးသပ်ထားကြပါတယ်။ ယူနိုက်တက်ပစ်မှတ် ပါလင်ညာက ဒီနှစ်ဘောလုံးရာသီအတွင်း စပိုတင်းအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၆)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၃)ဂိုးကိုပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဆီဗီလာ အသက်လက်တီကိုအသင်းတွေရဲ့ ပစ်မှတ်လည်းဖြစ်နေတဲ့ ပါလင်ညာဟာ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားရဖို့ စိတ်ကူးထားသူ ဖြစ်သလို ရော်နယ်လ်ဒို အပါအဝင် သူရဲ့လက်ရွေးစင် အသင်းဖော်တွေနဲ့ပါ တွဲဖက်ကစားဖို့ ယူနိုက်တက်အသင်းကို ရွေးချယ်နိုင်ပြီး အသင်းနှစ်သင်းကြားမှာလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရှိရပါတယ်။