မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်နွေစျေးကွက်တလျှောက်လုံးမှာ ဒေါ့မွန်အသင်းရဲ့အင်္ဂလန်ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူသွားဖို့ အမှန်အကန် ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားက ယူနိုက်တက်ကို ပြောင်းရွှေ့ချင်နေသည့်တိုင်အောင် ဒေါ့မွန်ဘက်ကနေ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို လုံးဝလျှော့ချပေးသွားဖို့ အစီအစဉ်မရှိတာကြောင့် ယူနိုက်တက်အနေနဲ့ ဆန်ချိုထက် ရီးရဲလ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကိုပဲ ပြောင်းလဲကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Football365

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုဟာ ဒေ့ါမွန်ကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် စိတ်ဝင်စားလို့နေပြီး သတင်းမီဒီယာများစွာရဲ့ဖော်ပြချက်တွေအရလည်း ယူနိုက်တက်ကို လာရောက်ကစားဖို့အထိပါ သဘောတူညီထားတယ်လို့ပါ သိရှိရပါတယ်။ ဒါပေမယ့် ဒေါ့မွန်ဘက်ကနေတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၀၈)သန်းအထိ တစ်ခါတည်းလိုချင်နေတာကြောင့် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးပိုင်းမှာ သဘောတူညီမှု မရနိုင်တာကြောင့် ဆန်ချိုနဲ့ယူနိုက်တက်တို့ရဲ့အပြောင်းအရွှေ့က ဖြစ်မြောက်ဖို့ ခက်ခဲလို့နေပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေတွေကြောင့် ယူနိုက်တက်အသင်းဟာ ဆန်ချိုထက် ရီးရဲလ်မက်ဒရစ်အသင်းကနေ ရောင်းချသွားချင်နေတဲ့ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကိုပဲ ပြောင်းလဲကမ်းလှမ်းလာဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ရီးရဲလ်အသင်းက အသင်းမှာ လစာမြင့်မားစွာ ပေးချေနေရတဲ့ အသက်(၃၁)နှစ်အရွှယ် ကစားသမား ဘေးလ်ကို အသင်းကနေ ရှင်းထုတ်ချင်နေပြီး ပြောင်းရွှေ့ကြေးကိုတောင် ပေါင်သန်း(၂၀)ဝန်းကျင်လောက်နဲ့တောင် ရောင်းချသွားဖို့ ပြင်ဆင်နေတဲ့အပြင် အသင်းက ရောင်းချပြီးခဲ့ရင်တောင် အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေဦးမယ့်ကာလအထိ ဘေးလ်ရဲ့လစာထက်ဝက်ခန့်ကိုပါ ရီးရဲလ်ဘက်ကနေ ဆက်လက်ပေးချေသွားဖွယ်ပါ ရှိလို့နေပါတယ်။ ယူနိုက်တက်ကတော့ ဘေးလ်ကို တစ်ရာသီအငှားနဲ့သာ ခေါ်ယူသွားချင်နေပြီး အငှားစာချုပ်ပြည့်မှသာ အပြီးသတ်ခေါ်ယူမလားဆိုတာကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ထက် သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်ထိ ရီးရဲလ်အသင်းမှာပဲ ဆက်လက်ရှိနေဖွယ်သာရှိပါတယ်။