မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ ခက်ခဲနေခဲ့တဲ့အတွက် ကစားသမားသစ်တွေအစား အကယ်ဒမီထွက် လူငယ်ကစားသမားလေးတွေထဲကမှ အရည်အသွေး့မြင့်မားတဲ ချာတိတ်လေးတွေကို စီနီယာအသင်းကြီးဆီမှာ နေရာပေးသွားဖို့ ရှိလို့နေပြီး လက်ရှိမှာတော့ ဆယ်ကျော်သက်နောက်ခံကစားသမားလေး တန်ဒန်မန်ဂျီကို လူငယ်အသင်းကနေ ယူနိုက်တက်စီနီယာအသင်းရဲ့လူစာရင်းအတွင်းမှာ ထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Twitter

အသက်(၁၈)နှစ်အရွှယ်ရှိ မန်ချက်စတာမြို့သားမန်ဂျီက ယူနိုက်တက်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ယူ-၁၆ ယူ-၁၈နဲ့ ယူ-၂၃အသင်းတွေမှာ ဆက်တိုက်ပါဝင်ကစားခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်ကမှ ယူနိုက်တက်နဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့ မန်ဂျီဟာ ယူနိုက်တက်နဲ့ အက်စတာနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းရဲ့အရန်စာရင်းထဲ ပါဝင်ခဲ့ပြီး LASK အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲမှသာ အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Twitter

အခုတော့ မန်ဂျီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ယူနိုက်တက်စီနီယာအသင်းကြီးရဲ့ လူစာရင်းထဲမှာ ထည့်သွင်းခံလိုက်ရတာကြောင့် မကြာခင်မှာပဲ သူရဲ့စီနီယာကစားသမားကြီးတွေနဲ့ တွဲဖက်ကစားရတော့မှာဖြစ်ပါတယ်။ မန်ဂျီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ တစ်ပွဲတည်းသော ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းအတွက် မိနစ်(၃၀)ခန့် ပါဝင်ကစားပေးသွားခဲ့ပြီး သူ့ကိုလည်း နည်းပြဆိုးလ်ရှားကိုယ်တိုင်ကပါ ယူနိုက်တက်အသင်းကြီးအတွက် ပါဝင်ကစားနိုင်မယ့် အရည်အသွေးမျိုးရှိသူလို့ပါ ချီးမွမ်းသွားခဲ့ပါတယ်။ ဒါ့အပြင် မန်ဂျီဟာ ဆဲလ်ဖိုဒ့်အသင်းနဲ့ ကစားသွားခဲ့ရတဲ့ EFL Trophy ရှံးထွက်ပွဲစဉ်မှာလည်း ယူနိုက်တက်ယူ-၂၁အသင်းအတွက် ပါဝင်ခဲ့ပြီး အသင်းကို Clean Sheet နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်-အန်ဂိုလာနွယ်ဖွား မန်ဂျီဟာ ဗဟိုနောက်ခံနေရာမှာ အဓိက ကစားတတ်သူဖြစ်ပြီး ယူနိုက်တက်မှာကလည်း ဗဟိုနောက်ခံနေရာအတွက် အရည်အသွေးကောင်းတဲ့ ကစားသမားတစ်ယောက်ကို လိုအပ်နေတာဖြစ်ကာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ဖို့အတွက် ကစားသမားလိုအပ်နေတာမို့ ဒီနေရာကို မန်ဂျီက ဝင်ရောက်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားအနေနဲ့ကလည်း အကယ်ဒမီက လူငယ်(၃၊၄)ယောက်လောက်ထိကိုလည်း အသင်းကြီးခေါ်ဆောင်သွားဖွယ်သာ ရှိလို့နေပါတယ်။