ပြီးခဲ့တဲ့နှစ်တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ အာဖရိကနိုင်ငံများ ဘောလုံးပြိုင်ပွဲမှာ အယ်ဂျီးရီးယားအသင်းကို ချန်ပီယံဆု ဆွတ်ခူးနိုင်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးသွားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား အစ္စမယ်လ်ဘန်နာဆာကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက အထူးစိတ်ဝင်စားလျက်ရှိနေရာ အခု ဒီအေစီမီလန် ကွင်းလယ်ကစားသမားကို မန်စီးတီးအသင်းနဲ့အပြိုင် မန်ချက်စတာမြို့ခံအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကပါ ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပြီဖြစ်တယ်လို့ သတင်းတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ် အယ်ဂျီးရီးယားလက်ရွေးစင် ကစားသမားလေး ဘန်နာဆာဟာ မနှစ်က ကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ အထူးပြသနိုင်ခဲ့လို့ ပြိုင်ပွဲတစ်ခုလုံးရဲ့ အကောင်းဆုံးကစားသမားအဖြစ်နဲ့ပါ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီးနောက် ဘန်နာဆာဟာ အမ်ပိုလီအသင်းကနေ အေစီမီလန်ဆီကို ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကပဲ ရောက်ရှိလာခဲ့ကာ အချိန်တိုအတွင်း အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘန်နာဆာကို မန်စီးတီး ယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတို့ကနေ စိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ထွက်ပေါ်ထားတဲ့သတင်းများအရ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ဘန်နာဆာကို ခေါ်ယူဖို့အတွက် ဖုန်းအဆက်အသွယ်လုပ်ခဲ့ပြီး ကစားသမားဘဝ ပိုမိုတိုးတတ်လာဖို့အတွက် မန်စီးတီးမှာ လာရောက်ကစားဖို့ကိုပါ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းမှာလည်း ဘန်နာဆာအတွက် ပေါင်(၂၇)သန်းနဲ့ ကမ်းလှမ်းမှုတချို့ကို လုပ်ဆောင်ခဲ့ပြီး မီလန်က ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့လည်း ကနဦးသတင်းများအရ သိရပါတယ်။ ဒါပေမယ့် အခုတော့ ဘန်နာဆာကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အသင်းပါ ပါဝင်လာခဲ့တာကြောင့် မီလန်အနေနဲ့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့က အလွန်ကို ခက်ခဲရနိုင်ပြီး မီလန်နဲ့ဘန်နာဆာတို့ကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်လျော်ကြေးပမာဏဖြစ်တဲ့ ပေါင်(၄၅)သန်းနဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ရောင်းချရဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ဘန်နာဆာ အယ်ဂျီးရီးယားအသင်းဖော် မာရက်ဇ်ရှိရာ မန်စီးတီးကိုပဲ ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။