မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ဈေးကွက် ဖွင့်ချိန်မှာပဲ အသင်းအတွင်း အမြဲလိုလို ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရတဲ့ တိုက်စစ်ကစားသမား အန်တိုနီမာရှယ်ကို ရောင်းထုတ်သွားဖို့ စီစဉ်နေပြီး တိုက်စစ်မှူးသစ် ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football365

အသက်(၂၇)နှစ်အရွယ် ပြင်သစ် တိုက်စစ်ကစားသမား မာရှယ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ တံကောက်ကြောဒဏ်ရာ ကျောဒဏ်ရာ ဖနောင့်ဒဏ်ရာ အစရှိတဲ့ ဒဏ်ရာတွေ ဆက်တိုက် ရရှိထားတာကြောင့် ပရီးမီးယားလိဂ်မှာ (၉)ပွဲသာ ကစားခဲ့ရပြီး ပြိုင်ပွဲစုံမှာလည်း (၁၄)ပွဲပဲ ပါဝင်ထားခဲ့ရပါတယ်။ အသင်းက ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ထားချိန် အသင်းတိုက်စစ်ပိုင်း အထူးသဖြင့် နံပါတ်(၉)နေရာအတွက် မာရှယ်ကို အသုံးပြုသွားဖို့ စီစဉ်ထားခဲ့ပေမယ့် မာရှယ်ကိုယ်တိုင်က ဒဏ်ရာတွေနဲ့ လုံးလည်ချာလည် လိုက်နေတာကြောင့် ယူနိုက်တက်အနေနဲ့ ဆောင်းဈေးကွက်မှာ နယ်သာလန် တိုက်စစ်မှူး ဗောက်ဗက်ဟို့စ်ကို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Sports News Africa

ဒီလို မကြာခဏ ဒဏ်ရာရရှိနေတတ်တဲ့ မာရှယ်ကို ယူနိုက်တက်အသင်းက လာမယ့်နွေမှာ အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိနေပြီး တကယ်လို့ ဘန်လေကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဗက်ဟို့စ်ကိုပါ အပြီးသတ် မခေါ်ယူဖြစ်ခဲ့ရင် တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် (၂)ဦးလောက်အထိ ပြန်လည် ခေါ်ယူသွားနိုင်ပါတယ်။ လက်ရှိ ယူနိုက်တက် တိုက်စစ်မှာ မားကပ်စ်ရပ်ရှ်ဖို့ဒ်က ခြေစွမ်းကောင်းတွေ ပြသပြီး ဂိုးမြူးနေတယ် ဆိုပေမယ့် ရပ်ရှ်ဖို့ဒ်ကို အထောင်နေရာမှာထက် ဘယ်တောင်ပံအခြမ်းမှာ ထားသုံးတာက ထိရောက်တာဖြစ်လို့ မာရှယ်ကို ရောင်းပြီး ဗက်ဟို့စ်ကိုသာ အပြီးသတ် မခေါ်ယူခဲ့ရင် အထောင်တိုက်စစ်နေရာအတွက် ကစားသမားသစ် မဖြစ်မနေကို ဖြည့်တင်းရပါလိမ့်မယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဒီရာသီ စီးရီးအေမှာ အကောင်းဆုံးပုံစံ ပြသနေသူ နာပိုလီ တိုက်စစ်မှူး ဗစ်တာအိုဆင်မန်ကို ခေါ်ယူသွားချင်နေပြီး ဘင်ဖီကာက ဂွန်ဆာဆိုရာမို့စ် အေဂျက်စ်ရဲ့ ဘရိုင်ယန်ဘရော်ဘီ အစရှိတဲ့ တိုက်စစ်ကစားသမားတွေကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။ ဒါ့အပြင် လာမယ့်ရာသီမှာ နည်းပြတန်ဟက်ဂ်အနေနဲ့ အသင်းရဲ့ လူငယ်ကစားသမားတွေထဲကမှ ပယ်လစ်စထရီ အာမတ်ဒီယဲလ်လိုတို့ပါ အသင်းမှာ နေရာပေးလာနိုင်ဖွယ်လည်း ရှိနိုင်ပါတယ်။