မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်ခေါ်ယူမှုတွေရော အသင်းရဲ့ ကစားသမားရောင်းချမှုတွေကိုရော သိပ်လုပ်ဆောင်ဖွယ် ရှိမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားကတော့ လက်ရှိအသင်းရဲ့လူအင်အားအပေါ်မှာ အားရကျေနပ်လျက်ရှိလို့နေပြီး ဆောင်းရာသီစျေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားမှုကတော့ သိပ်မရှိနိုင်ဘူးလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကာဗာနီ ဗန်ဒယ်ဘိခ် တဲလက်စ် ပယ်လက်စ်ထရီနဲ့ ထရာအိုရေးတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး အသက်(၁၈)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် အတ္တလန်တာတောင်ပံကစားသမားလေး အာမတ်ထရာအိုရေးကတော့ အလုပ်ပါမစ်ကြောင့် ရာသီအစမှာ အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့ပဲ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှသာ ယူနိုက်တက်နဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကောလဟာလသတင်းတွေထဲမှာတော့ ယူနိုက်တက်အသင်းအနေနဲ့ ဆောင်းစျေးကွက်အတွင်း ကစားသမားတွေ ခေါ်ယူလိမ့်မယ်လို့ ဖော်ပြနေခဲ့ပေမယ့် ဆိုးလ်ရှားကတော့ လက်ရှိလူအင်အားအရ တောင့်တင်းမှုရှိလို့ ခေါ်ယူဖွယ်မရှိဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဆိုးလ်ရှားက “အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေက ဘယ်လိုဖြစ်နိုင်မလဲဆိုတာကို ခန့်မှန်းဖို့အတွက်က ခက်ခဲလွန်းပါတယ်။ နောက်ပြီး ဒီဆောင်းတွင်းစျေးကွက်မှာလည်း အသင်းဘက်က ကစားသမားအဝင်အထွက်တွေ များစွာဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်မိဘူး။ လက်ရှိမှာကတော့ ကမ္ဘာ့စီးပွားရေးရော ဘောလုံးနယ်ပယ်ရဲ့ စီးပွားရေးအပိုင်းတွေမှာပါ ပြောင်းလဲမှုတွေ ဖြစ်နေခဲ့ပါတယ်။ ဒီလိုအကြောင်းအရင်းတွေက ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေတွေအပေါ်မှာလည်း မူတည်လို့နေပါတယ်။ ကျွန်တော်ကတော့ လက်ရှိအသင်းရဲ့လူအင်အားအပေါ်မှာ ကျေနပ်အားရလို့နေသလို အသင်းကလည်း အင်အားတောင့်တင်းနေပါတယ်။ ကျွန်တော်အနေနဲ့ အပတ်တိုင်းလိုလိုမှာ ကစားသမား(၁၈)ယောက်ကို ရွေးချယ်ဖို့အတွက်က ခက်ခဲနေရဆဲပါပဲ။ ဘယ်ကစားသမားကို ချန်လှပ်ရမလဲဆိုပြီး စဉ်းစားရခက်နေတုန်းပဲ။ ဆိုတော့ လက်ရှိအခြေအနေအရ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်နေသေးတယ်လို့ ခံစားနေမိပါတယ်” ရှင်းလင်းပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဆောင်းစျေးကွက်အတွင်းမှာ လူခေါ်ဖို့ထက် ကစားသမားရောင်းချမှုသာ ရှိနိုင်တယ်လို့ သိရပါတယ်။