မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းဆီ တစ်ရာသီအငှားချထားခဲ့တဲ့ သူတို့ရဲ့ ပေါ်တူဂီညာနောက်ခံကစားသမားလေး ဒီယိုဂိုဒါလော့ကို အသင်းကနေ အပြီးသတ်ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ မီလန်နဲ့ အငှားစာချုပ်ပြည့်မြောက်ချိန်မှာ မီလန်ဆီကိုပဲ နောက်ထပ်တစ်ရာသီခန့် ထပ်မံအငှားချနိုင်ဖွယ်သလို အသင်းဆီကိုလည်း ပြန်ခေါ်ယူနိုင်ဖွယ်တယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sportsmole

အသက်(၂၁)နှစ်အရွှယ်ရှိ ပေါ်တူဂီနောက်ခံအစွန်လူ ဒါလော့ဟာ ၂၀၁၈ခုနှစ်ကမှ ပေါ်တူဂီထိပ်သီးကလပ် ပေါ်တိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ(၂၅)ပွဲအထိ ပါဝင်ခဲ့ရပေမယ့်လည်း ဒုတိယရာသီမှာတော့ ပြိုင်ပွဲစုံကိုမှ (၁၁)ပွဲပဲ ပါဝင်ခဲ့ရကာ ပွဲထွက်ခွင့်တွေ အတော်လေး လျော့ပါးလာခဲ့ရပါတယ်။ အထူးသဖြင့် ယူနိုက်တက်ကို ညာနောက်ခံလူ ဝမ်ဘစ်ဆာခါ ရောက်ရှိလာပြီးနောက်ပိုင်း ဒါလော့ရဲ့ပွဲထွက်ခွင့်တွေက နည်းပါးလာခဲ့ရတာဖြစ်သလို နည်းပြဆိုးလ်ရှားကလည်း ဒါလော့ကို နေရာသိပ်မပေးတာကြောင့် ဒီရာသီအစမှာ မီလန်အသင်းဆီ အငှားချလိုက်ရတာဖြစ်ပါတယ်။

Photo Credit : Goal

အေစီမီလန်မှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေရတဲ့ ဒါလော့ဟာ မီလန်မှာလည်း ပွဲထွက်ခွင့်တွေ ခပ်များများစားစား မရရှိထားခဲ့ပေမယ့်လည်း အသင်းအတွက် (၄)ပွဲကစားထားပြီးနောက် (၁)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါလော့ရဲ့လက်ရှိခြေစွမ်းတွေကိုလည်း မီလန်ဘက်ကနေ အတော်လေး သဘောကျနေတာကြောင့် အငှားသက်တမ်းပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူဖို့ စဉ်းစားလာခဲ့သလို အခြားသော ကလပ်အသင်းတွေကလည်း ဒါလော့ကို ပစ်မှတ်ထားလာခဲ့ကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ ဒါလော့ကို လုံးဝရောင်းချသွားမှာမဟုတ်ပဲ ကမ်းလှမ်းချက်တိုင်းကို ပယ်ချသွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။ ဒါလော့ဟာ ညာနောက်ခံလူတစ်ယောက်ဆိုပေမယ့် လိုအပ်ရင် ဘယ်ခြမ်းခံစစ်နေရာမှာပါ ပါဝင်ကစားတတ်သူဖြစ်လို့ လိုအပ်သလို အသုံးပြုနိုင်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း တခြားသော Quality Side Back Player တွေလိုတော့ တိကျတဲ့ ဖြတ်တင်ဘောတွေနဲ့ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးတတ်တဲ့ အပိုင်းမှာ အနည်းငယ် အားနည်းသူဖြစ်ပါတယ်။ ဒါလော့ဟာ ယူနိုက်တက်မှာ ပါဝင်ကစားခဲ့တဲ့ နှစ်ရာသီအတွင်းမှာ သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၃)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။