ဒီရက်ပိုင်းလေးအတွင်းမှာပဲ အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်တစ်ခုဖြစ်တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အရခေါ်ယူလိုက်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းအတွက် အင်အားဖြည့်တင်းမှုများစွာကို ဆက်လက်လုပ်ဆောင်ဦးမှာဖြစ်ပြီး ကစားသမားသစ်တွေ ခေါ်ယူမှု ပြီးဆုံးပြီဆိုရင်တော့ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : GiveMeSport

အသက်(၂၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂ဝခုနှစ် နှစ်အစပိုင်းမှာပဲ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့ပြီး အသင်းမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့စဉ်တုန်းက (၅)နှစ်ခွဲ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပေမယ့် သူရဲ့တစ်ပတ်လုပ်ခက ပေါင်(၁၈၀၀၀၀)သာ ရရှိနေတာဖြစ်လို့ သူရဲ့လုပ်ခလစာကို (၂)သိန်းကျော်လောက်အထိ တိုးမြှင့်ပေးကာ စာချုပ်သက်တမ်းတိုးဖွယ် ရှိနေပါတယ်။

Photo Credit : Sportsconvering

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းဆီကို စတင်ရောက်ရှိချိန်ကနေ ပြီးခဲ့တဲ့ဘောလုံးရာသီအထိကို ပြိုင်ပွဲစုံပွဲပေါင်း (၈၀)အထိတောင် ဝင်ရောက်ကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်းလည်း (၄၀)အထိကို သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၂၅)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ဘောလုံးရာသီ တစ်ရာခွဲခန့်ကိုသာ ဝင်ရောက်ကစားခဲ့ပေမယ့်လည်း ဂိုးပါဝင်သတ်မှုအပိုင်းမှာတော့ (၆၅)ဂိုးအထိကို ပါဝင်ပတ်သက်ထားနိုင်ခဲ့တာဖြစ်လို့ သူ့ကို လစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ ဖာနန်ဒက်စ်အပြင် ဖာနန်ဒက်စ်ရဲ့အသင်းဖော်ဖြစ်သူ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကိုလည်း သက်တမ်းတိုးသွားဖို့ စီစဉ်လို့နေပြီး တစ်ပတ်လုပ်ခ ပေါင်(၄)သိန်းအထိ တိုးမြှင့်ပေးဖွယ် ရှိလို့နေပါတယ်။ တကယ်လို့ ပေါ့ဘာဘက်ကသာ သက်တမ်းတိုးမှုအပေါ် လက်မခံခဲ့ရင်တော့ ဒီနှစ်နွေမှာပဲ သူ့ကို အသင်းကနေ ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ပေါ့ဘာနေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်ကွင်းလယ်လူ ဂေါ့ရက်ဇ်ကာကို ပစ်မှတ်ထားလို့နေပါတယ်။