ဝက်စ်ဟမ်းယူနိုက်တက်အသင်းမှာ ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့ပြီး လက်ရှိမှာ အငှားစာချုပ် ပြည့်သွားခဲ့လို့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလို့နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ လာမယ့်ဘောလုံးရာသီကို ယူနိုက်တက်အသင်းနဲ့အတူ ဖြတ်သန်းရဖို့က မသေချာ မရေရာ ဖြစ်လို့နေတာကြောင့် သူ့ကို စပိန်လာလီဂါချန်ပီယံ အသက်လက်တီကိုမက်ဒရစ်အသင်းကနေပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Football365

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် လုပ်ဆောင်ထားသလို အသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့်ရအောင်ပါ ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။

Photo Credit : One Football

ဒီလိုစွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့တဲ့ လင်ဂတ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရပေမယ့် ပြိုင်ပွဲမတိုင်ခင် ကျင်းပခဲ့ရတဲ့ ၂၀၂၂ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာတော့ အင်္ဂလန်အသင်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ကနဦးပိုင်းမှာတော့ ယူနိုက်တက်ဘက်ကနေ လင်ဂတ်ကို (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်နဲ့ သက်တမ်းတိုးသွားတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လင်ဂတ်ကို အသင်းမှာ နေရာပေးဖို့ မလွယ်ကူတာကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ခန့်နဲ့ ရောင်းချသွားဖို့ကိုသာ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ လင်ဂတ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်းက အပြီးသတ် ခေါ်ယူသွားချင်နေပေမယ့် ယူနိုက်တက်ဘက်က သတ်မှတ်ထားတဲ့ တန်ကြေးက မြင့်မားနေတဲ့အတွက် ခက်ခဲနေရပြီး ဒီလို ဖြစ်နေတဲ့အချိန်မှာ လင်ဂတ်ကို အသက်လက်တီကိုအသင်းကနေ စတင်ပစ်မှတ်ထားလာခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကလည်း အသက်လက်တီကို နောက်ခံအစွန်လူ ထရစ်ပီယာကို ခေါ်ယူချင်နေတာဖြစ်လို့ ထရစ်ပီယာအတွက် ကမ်းလှမ်းမှုမှာ လင်ဂတ်ကိုပါ ထည့်သွင်းကမ်းလှမ်းလာမယ်ဆိုရင် အသက်လက်တီကိုဘက်ကနေလည်း လက်ခံသွားဖွယ် ရှိလို့နေပါတယ်။