နည်းပြ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာလည်း အသင်းမှာ ပုံမှန်ကစားခွင့်တွေ ဆက်လက်ပျောက်ဆုံးနေရသေးတဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို အခု ဆောင်းစျေးကွက်အတွင်းမှာပဲ ကစားသမားသစ်တွေ ဆက်တိုက်ခေါ်ယူနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းအပြင် ဘွန်ဒစ်လီဂါရဲ့ထိပ်သီးကလပ် ဒေါ့မွန်အသင်းကပါ အလိုရှိနေနေတယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Eurosport
အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ပွဲကစားခွင့်တွေက အလွန်နည်းပါးနေရသလို ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း စုစုပေါင်း (၆၇)မိနစ်သာ ပါဝင်ထားခဲ့ရပါတယ်။ နည်းပြဆိုးလ်ရှားကနေ ရန်းနစ်လက်အောက်မှာ ပွဲကစားခွင့်တွေ ပိုရလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမယ့်လည်း ရန်းနစ်ကိုယ်တိုင်ကလည်း ယူနိုက်တက် ကွင်းလယ်မှာ တွမ်မီနေး ဖရက်တို့ကိုသာ နေရာပိုပေးနေပြီး ဒီအတွဲအဖက်ထဲက တစ်ဦးဦးကို ချန်လှပ်ခဲ့ရင်တောင် ဗန်ဒယ်ဘိခ်အစား မာတစ်ကိုသာ နေရာပိုပေးလို့ နေပါတယ်။
Photo Credit : Manchester Evening News
ဒီလို အခြေအနေတွေကြောင့် ကစားသမားကိုယ်တိုင် စိတ်ပျက်လျက် ရှိနေရပြီး အခု ဆောင်းစျေးကွက်မှာပဲ အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာချင်နေတယ်လို့ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလို အနာဂတ် လှုပ်ခတ်နေတဲ့ ဗန်ဒယ်ဘိခ်ကို အဲဗာတန်အသင်းကနေ ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း အဆင်မပြေနိုင်ခဲ့ပေမယ့် နောက်ထပ် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ နယူးကာဆယ်က ဗန်ဒယ်ဘိခ်ကို ပစ်မှတ်ထားနေသလို ဒေါ့မွန်အသင်းကလည်း ဗန်ဒယ်ဘိခ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားချင်နေပါတယ်။ ဗန်ဒယ်ဘိခ်အနေနဲ့ကတော့ အသင်းပြောင်းဖို့ထက် ယူနိုက်တက်မှာ နေရာရလာအောင် တိုက်ပွဲဝင်ချင်နေပေမယ့်လည်း ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် ကလပ်အသင်းမှာ ပွဲကစားခွင့်တွေ လိုအပ်နေတာကြောင့် အခု စျေးကွက်မှာပဲ အသင်းအပြောင်းအလဲ မဖြစ်မနေ လုပ်ဆောင်ရနိုင်ပြီး ကစားသမားကောင်းတွေကို ပိုမိုနေရာပေးတတ်တဲ့ ဒေါ့မွန်အသင်းကို ရွေးချယ်ဖွယ် ရှိနေပါတယ်။