မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြ ရန်းနစ် စတင်ကိုင်တွယ်ခဲ့ချိန်ကတည်းကနေ ပွဲကစားခွင့် လုံးဝမရသေးတဲ့အပြင် အသင်းကနေ ထွက်ခွာထိပါ ပြင်ဆင်လို့နေတဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ဟာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ လူစားဝင်ပြီး (၁၀)မိနစ်နီးပါး ကစားခဲ့ရသလို အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးမှာ သူရဲ့ပါဝင်ပတ်သက်မှုက အခရာကျခဲ့ပါတယ်။

Photo Credit : Almoon

ယူနိုက်တက်အသင်းဆီကို ၂၀၁၅ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၁၁)ပွဲသာ ပါဝင်ကစားထားရပြီး အဲ့ဒီထဲကမှ (၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါတယ်။ ဒါ့အပြင် သိပ်မကြာသေးခင်က အက်စတွန်ဗီလာအသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းရဲ့လူစာရင်းမှာ မာစီယဲလ် ပါဝင်လာခြင်း မရှိရတာက ကစားသမားဘက်က အသင်းနဲ့ လိုက်ပါကစားပေးချင်စိတ် မရှိလို့ ငြင်းဆန်ခဲ့တာကြောင့်လို့ နည်းပြရန်းနစ်ကိုယ်တိုင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့ရာ သူ့အနေနဲ့ အသင်းအတွက် ကစားပေးဖို့ကို ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူးလို့ မာစီယဲလ်က ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။

Photo Credit : Central Fife Times

ဒီလို အခြေအနေမျိုးတွေ ရှိထားပေမယ့် ရန်းနစ်က မာစီယဲလ်ကို ဘရန့်ဖိုဒ့် ဝက်စ်ဟမ်းတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ အရန်ကစားသမားအဖြစ် အသုံးပြုလာခဲ့သလို ဝက်စ်ဟမ်းနဲ့ ပွဲမှာဆိုရင်လည်း မာစီယဲလ်ကို လူစားဝင် ကစားသမားအဖြစ်နဲ့ပါ ပြန်လည်အသုံးပြုခဲ့ပါတယ်။ ဒီလို အသုံးပြုခဲ့ရခြင်းအပေါ် ရန်းနစ်က “လွန်ခဲ့တဲ့ တစ်ပတ်ခွဲလောက်တုန်းက ကျွန်တော်တို့ နောက်ဆုံး စကားပြောခဲ့စဉ်မှာ ဒီမှာ ဘယ်လောက်ကြာကြာနေနေ ဒါမှမဟုတ် ထွက်ခွာချင်နေရင်ပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ် ဆန်နေရမယ်လို့ သူ့ကို ပြောခဲ့သေးတယ်။ ပြီးခဲ့တဲ့ (၂)ပွဲမှာ သူက အသင်းရဲ့ လူစာရင်းထဲ ပါဝင်နေခဲ့ပြီး ဒီနေ့မှာဆိုရင်လည်း သူက ကျွန်တော်တို့ သွင်းယူခဲ့တဲ့ ဂိုးမှာ အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်ခဲ့တယ်။ သူက ထိပ်တန်းကစားသမားတစ်ဦး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဆိုပေမယ့် သူ့နေရာမှာ ကစားတဲ့ ကစားသမားတွေက ကျွန်တော်တို့ဆီမှာ ရှိနေသလို သူကလည်း အသင်းကနေ ထွက်ခွာချင်နေတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် ပြောထားဖူးသလို သဘောတူညီချက်တစ်ခုကို ရှာဖွေဖို့ အမြဲတမ်း ကွဲပြားတဲ့ အပိုင်းတွေကို ယူဆောင်ရမယ်ဆိုတာ။ နောက်ပြီး ဒီနေ့ သူ ပါဝင်ကစားခဲ့ရချိန်မှာ အသင်းသားတွေဆီကနေ ကျွန်တော် မျှော်လင့်ထားတဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို သူပြသနိုင်ခဲ့တယ်။ သူ ဒီနေ့ အသင်းအတွက် ပါဝင်ကစားသွားတာကို ကြည့်ရတာ ကျွန်တော် ပျော်ရွှင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။