MySport Myanmar

အာမတ်ကို ဆန်းဒါးလန်းမှာပဲ အငှားစာချုပ် ပြည့်ချိန်ထိ ဆက်ထားသွားမယ့် တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်းမှာ တိုက်စစ်ပိုင်းအတွက် ကစားသမား ပြန်လည် အစားထိုးဖို့ လိုအပ်နေရာ ဆန်းဒါးလန်းအသင်းဆီ အငှားချထားတဲ့ တိုက်စစ်ကစားသမားလေး အာမတ်ဒီယဲလ်လိုကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် နည်းပြအဲရစ်တန်ဟက်ဂ်ကတော့ အာမတ်ကို အငှားစာချုပ် ပြည့်ချိန်ထိ ဆန်းဒါးလန်းမှာသာ ဆက်လက် ကစားနေစေချင်ပါတယ်။

Photo Credit : Sunderland FC

အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမားလေး အာမတ်ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလကမှ စီးရီးအေကလပ် အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ စီနီယာ ကစားသမားတွေကို ကျော်လွန်ပြီး နေရာရဖို့ ခက်ခဲတာကြောင့် ရိန်းဂျားစ်အသင်းဆီ အငှားချခံခဲ့ရသလို အခုလည်း ဆန်းဒါးလန်းအသင်းမှာ အငှားနဲ့ သွားရောက် ကစားနေရပါတယ်။ ယူနိုက်တက်အတွက် တရားဝင်ပွဲပေါင်း (၉)ပွဲသာ ကစားရသေးတဲ့ အာမတ်ဟာ အခု ဆန်းဒါးလန်းအသင်းမှာတော့ ပွဲကစားခွင့်တွေ အတော်လေး ရရှိနေသလို အသင်းအတွက်ကိုလည်း (၆)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Youtube

အခုလို ခြေစွမ်းပြသနေတဲ့ အာမတ်ကို တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေတဲ့ ယူနိုက်တက်ဘက်က recall option နဲ့ ပြန်လည် ခေါ်ယူသွားနိုင်ပေမယ့်လည်း နည်းပြတန်ဟက်ဂ်က ကစားသမားလေးရဲ့ လက်ရှိ form အတိုင်း ရှိနေစေဖို့ အငှားစာချုပ်အတိုင်းသာ ဆန်းဒါးလန်းမှာပဲ ဆက်ထားသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ တန်ဟက်ဂ်က “ကျွန်တော်တို့ အရာအားလုံးကို စဉ်းစားထားပါတယ်။ ဒါပေမယ့် အာမတ်ကို ပြန်ခေါ်ယူဖို့ကတော့ ကျွန်တော့်မှာ မတင်မကျ ဖြစ်နေတာလေးတော့ ရှိနေရတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ လက်ရှိ တိုးတတ်နေမှုကို မရပ်တန့်ချင်တာကြောင့်ပါ။ သူ အဲ့ဒီမှာ တကယ်ကို တိုးတတ်ကောင်းမွန်နေတာကြောင့် ကျွန်တော် ဝမ်းသာမိတယ်။ ဒါပေမယ့် လူငယ်ကစားသမားတွေဆိုတာ ပွဲအတွေ့အကြုံ အများကြီးကို လိုအပ်တယ်။ သူ့ကို ကျွန်တော်တို့ ပြန်ခေါ်လိုက်တဲ့အချိန်ကျရင် သူက ပွဲထွက်ကစားသမား(၁၁)ဦးစာရင်းအတွက် ယှဉ်ပြိုင်နိုင်မယ့် ကစားသမား ဒါမှမဟုတ် တချို့ပွဲတွေမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားပြီး ပါဝင်ရချိန်တိုင်းမှာလည်း အသင်းအတွက် အကျိုးသက်ရောက်မှု တစ်ခုခု လုပ်ဆောင်နိုင်တဲ့ ကစားသမား ဖြစ်နေရပါမယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Exit mobile version