နယ်သာလန် ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်က သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာပဲ ဆက်လက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့်လည်း သူ့ကို အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဘက်က လုံးဝလက်မလျှော့သွားတဲ့အပြင် ကနဦး ကမ်းလှမ်းချက်အဖြစ် ယူရိုသန်း(၈၀)နဲ့ပင် ကမ်းလှမ်းချက်တွေ စတင်လုပ်ဆောင်လာခဲ့တယ်လို့ စပိန်နာမည်ကျော် သတင်းစာကြီး Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

De Jong

Photo Credit : Marca

ဘာစီလိုနာအသင်းဟာ ဒီဂျောင်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို အသင်းမှာပဲ ဆက်ထိန်းထားချင်သလို ဒီဂျောင်ကလည်း ဘာစီလိုနာမှာပဲ ဆက်လက်ရှိနေချင်ပေမယ့် အသင်းအတွင်း ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ကစားသမားသစ် ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အဆင်မပြေ ဖြစ်နေရသလို အသင်းက ကစားသမားတွေရဲ့ လုပ်ခလစာတွေကိုပါ လျှော့ချပစ်ဖို့ လိုအပ်နေတာကြောင့် ဒီဂျောင်ကို အသင်းကနေ ရောင်းထုတ်လိုက်မယ်ဆိုရင် ပြောင်းရွှေ့ကြေးကနေ မြိုးမြိုးမြတ်မြတ် ရရှိနိုင်သလို လစာပိုင်းမှာပါ အဆင်ပြေသွားနိုင်တာကြောင့် ဒီဂျောင်အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေတာ ဖြစ်ပါတယ်။

Frenkie de Jong "not satisfied" at Barcelona and told Man Utd transfer is  "no brainer" - Mirror Online

Photo Credit : Mirror

ဒီအချိန်မှာ အေဂျက်စ်နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့တဲ့ ယူနိုက်တက်အသင်းက ပေါလ်ပေါ့ဘာ မာတစ်တို့လို ကွင်းလယ်ကစားသမားတွေကို လက်လွတ်ထားရချိန် ဖြစ်နေသလို အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည်ပြုပြင်ရမယ့် အခြေအနေ ဖြစ်နေတာကြောင့် ဒီဂျောင်ကို ခေါ်ယူသွားဖို့ စိတ်အားထက်သန်လာခဲ့သလို တန်ဟက်ဂ်ကိုယ်တိုင်ကပါ သူ့တပည့်ဟောင်းနဲ့ ပြန်လည်လက်တွဲချင်လာခဲ့ပါတယ်။ ဒီဂျောင်ကတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ဆင်နွဲလိုတာကြောင့် ယူရိုပါလိဂ်ပဲ ဝင်ရောက်ခွင့် ရရှိထားတဲ့ ယူနိုက်တက်ကို မပြောင်းရွှေ့လိုပဲ ဘာစီလိုနာမှာသာ ဆက်လက်ရှိနေချင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ထားပေမယ့် မကြာသေးခင်ကမှ နယ်သာလန်မှာ ကစားရခြင်းက ဘာစီလိုနာမှာ ကစားရခြင်းထက် ပိုပြီးသက်တောင့်သက်သာ ဖြစ်တယ်လို့ ဒီဂျောင်က ထုတ်ဖော်ပြောဆိုထားခဲ့ဖူးသလို ဘာစီလိုနာနည်းပြ ဇာဗီကလည်း ကွင်းလယ်ပိုင်းမှာ ဝါရင့်ကစားသမားကြီး ဘူးစကတ်စ်ကိုသာ နေရာပိုပေးလေ့ရှိလို့ ဒါတွေက ဒီဂျောင်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။

Frenkie de Jong reveals pivotal Xavi chat that could swing Man Utd transfer  fate amid Ten Hag claim

Photo Credit : TEAMtalk

ဒီအခြေအနေမှာ ယူနိုက်တက်အသင်းက ဒီဂျောင်အတွက် ကနဦးကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀) အပိုဆုကြေး ယူရိုသန်း(၂၀) စုစုပေါင်း ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို စတင်လုပ်ဆောင်လာခဲ့တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပြီး ဘာစီလိုနာဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၇၅)သန်းထိ အလိုရှိနေတယ်လို့ သိရှိရပါတယ်။