MySport Myanmar

ဘရန့်ဖို့ဒ်နဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတဲ့ အဲရစ်ဆင်ကို မန်ယူ ကမ်းလှမ်းမှု ပြုလုပ်

ဘောလုံးလောကနဲ့ လအတန်ကြာ အလှမ်းဝေးခဲ့ရပြီးနောက် ဘရန့်ဖို့ဒ်အသင်းနဲ့အတူ ဘောလုံးနယ်ပယ်ထဲ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ လက်ရှိမှာ ဘရန့်ဖို့ဒ်နဲ့ ချုပ်ဆိုထားတဲ့ ကာလတိုစာချုပ်က ကုန်ဆုံးခါနီးပြီဖြစ်ပြီး free agent ကစားသမားတစ်ဦး ပြန်ဖြစ်လာတော့မယ့် အဲရစ်ဆင်ကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : Spurs Web

ယူနိုက်တက်အသင်းဟာ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကစားနေစဉ်ကတည်းက ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး စပါးကို အင်တာမီလန်အသင်းဆီ မပြောင်းရွှေ့ခင်အချိန်ထိ အဲရစ်ဆင်ဟာ ယူနိုက်တက်နဲ့ အကြိမ်ကြိမ်ကို သတင်းထွက်ခဲ့ဖူးပါတယ်။ အခုလည်း အဲရစ်ဆင် ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းတွေ ပြန်လည်ပြသလာချိန်မှာလည်း ယူနိုက်တက်နဲ့ သတင်းတွေ တဖန်ပြန်လည် ထွက်ပေါ်လာခဲ့သလို အခုလည်း The Athletic ရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက်ဟာ အဲရစ်ဆင်အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲ ပထမဆုံးသော ကစားသမားသစ် ခေါ်ယူမှုအဖြစ် နယ်သာလန်ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ကိုသာ ဦးစားပေး ကြိုးပမ်းနေတဲ့ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ အခုလို အဲရစ်ဆင်ကို ကမ်းလှမ်းလိုက်တယ်လို့ သတင်းထွက်လာခဲ့ရတာက အံ့အားသင့်စရာ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာ ဘာစီလိုနာဘက်က ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးကို ယူရို(၈၅)သန်းအောက်နဲ့ လက်ခံသွားမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားတာကြောင့် ယူနိုက်တက်ဘက်က ဒီဂျောင်အစား အဲရစ်ဆင်ကို ချဉ်းကပ်လိုက်တာ ဖြစ်နိုင်သလို မာတစ် မာတာ ပေါ့ဘာတို့လို တစ်သီတစ်သန်းကြီး ထွက်ခွာသွားလို့ လစ်ဟာသွားတဲ့ ကွင်းလယ်ပိုင်းအတွက် ကွင်းလယ်အားကို ပြန်လည်ဖြည့်တင်းဖို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်တဲ့ အဲရစ်ဆင်လို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်လူတစ်ဦးကို ခေါ်ယူချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲရစ်ဆင်က ဒိန်းမတ်နဲ့အတူ ကမ္ဘာ့ဖလားကို ဝင်ရောက်ဆင်နွဲချင်တာဖြစ်လို့ သူ့ကို ပွဲကစားခွင့် များများစားစား ပေးနိုင်မယ့် ကလပ်အသင်းကိုသာ ရွေးချယ်ဖွယ် ရှိလာနိုင်ပါတယ်။

Exit mobile version