ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ သူရဲ့ဖခင်နဲ့ အသင်းဥက္ကဌဘာတိုမူတို့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ မက်ဆီက သူရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သွားခဲ့ပြီး အသင်းမှာပဲ နောက်ထပ်တစ်ရာသီ ထပ်မံရှိနေမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဒီအတိုင်းသာ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာပဲ ဆက်လက်ရှိနေမယ်ဆိုရင် အသင်းရဲ့ တိုက်စစ်ကစားသမားတွေထဲက တစ်ယောက်နှစ်ယောက်လောက် ထွက်ခွာရနိုင်ဖွယ်ရှိပြီး ဒီလိုထွက်ခွာရနိုင်တဲ့ ကစားသမားတွေထဲမှာ ဂရစ်ဇ်မန်းလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပေါင်(၁၀၇)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘာစီလိုနာမှာ အံ့ဝင်ဖို့ ရုန်းကန်ခဲ့ရသလို လာလီဂါသွင်းဂိုးကိုလည်း (၉)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုရုန်းကန်နေရတဲ့ ဂရစ်ဇ်မန်းဟာ မက်ဆီနဲ့လည်း တွဲဖက်သိပ်မမိတဲ့ တိုက်စစ်ကစားသမားဖြစ်ပြီး နည်းပြသစ်ရော်နယ်ကိုးမန်းကပါ လာမယ့်ရာသီအတွင်း အသင်းရဲ့တိုက်စစ်မှာ ကော်တင်ဟိုနဲ့ ဒမ်ဘီလီတို့ကို နေရာပိုပေးလာနိုင်တာကြောင့် ဂရစ်ဇ်မန်းရဲ့အနာဂတ်က ပိုမိုဝေဝါးသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

မက်ဆီ အသင်းမှာ ဆက်ပြီးရှိနေမယ်ဆိုရင် သူနဲ့လိုက်ဖက်အညီဆုံး တိုက်စစ်မှူးဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ကိုပါ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားပေးရဖွယ် ရှိနေတဲ့အတွက် ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့လိုအပ်တဲ့နေရာတွေမှာ ကစားသမားသစ်တွေ ဖြည့်တင်းနိုင်ဖို့ ဂရစ်ဇ်မန်းကို ပြန်လည်ရောင်းထုတ်ပြီး ဝင်ငွေရှာရဖွယ် ရှိလာနိုင်ပါတယ်။ ဒီလို အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ဂရစ်ဇ်မန်းကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းများဖြစ်တဲ့ လီဗာပူးလ် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ကနေ စိတ်ဝင်စားနေကြပြီး ပီအက်စ်ဂျီအသင်းကလည်း စောင့်ကြည့်လျက်ရှိလို့နေပါတယ်။ ဂရစ်ဇ်မန်းကို လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ကနေ အသီးသီးချိတ်ဆက်ခဲ့ဖူးပြီး လီဗာပူးလ်အသင်းလို Pressing Style နဲ့ ကစားတတ်တဲ့အသင်းမျိုးမှာ ဂရစ်ဇ်မန်းက ပိုမိုအံ့ဝင်နိုင်ဖွယ်ရှိတာကြောင့် လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကိုယ်တိုင် ဂရစ်ဇ်မန်းကို ပစ်မှတ်ထားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ဂရစ်ဇ်မန်းနဲ့ အတော်လေးကို သတင်းထွက်ခဲ့ဖူးတဲ့ ကလပ်အသင်းဖြစ်ပြီး ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ရင် ဂရစ်ဇ်မန်းဘက်ကို ပြောင်းလဲပစ်မှတ်ထားလာနိုင်ပေမယ့် အသက်(၃၀)နား ကပ်လာခဲ့တဲ့ ကစားသမားတစ်ယောက်အတွက် ပြောင်းရွှေ့ကြေးများစွာကို သုံးစွဲဖွယ်မရှိလောက်ပါဘူး။